Judges 18
18:1 ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ ထိုအချိန်အထိ အစ္စရေးအမျိုးအနွယ်တို့တွင် ဒန်အမျိုးအနွယ်သည် အမွေမြေအတည်တကျမရသေးသဖြင့် မိမိတို့နေထိုင်ရန်အမွေမြေကို လိုက်ရှာနေသောအချိန်ဖြစ်၏။
18:2 ထို့ကြောင့် နယ်မြေကိုစူးစမ်းရှာဖွေရန် ဒန်အမျိုးသားတို့သည် ဇောရာမြို့၊ ဧရှတောလမြို့ရှိ မိမိတို့မျိုးနွယ်စုအားလုံးထဲမှ ရဲစွမ်းသတ္တိရှိသူငါးယောက်အား “နယ်မြေကို သွားရှာကြလော့”ဟု မှာကြား၍ စေလွှတ်လိုက်၏။ ထိုသူတို့သည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာဝတ်ကျောင်းသို့ရောက်၍ ညအိပ်နားကြ၏။
18:3 သူတို့သည် မိက္ခာ၏ဝတ်ကျောင်း၌ရှိစဉ် လေဝိလူငယ်၏အသံကို သတိထားမိသဖြင့် သူ့ထံသို့သွား၍ “သင့်ကိုဤအရပ်သို့ မည်သူခေါ်လာသနည်း။ သင်သည် ဤနေရာ၌ ဘာလုပ်နေသနည်း။ သင်သည် အဘယ်ကြောင့်ဤအရပ်၌ရှိနေသနည်း”ဟု မေးမြန်းကြ၏။
18:4 သူကလည်း “မိက္ခာသည် အကျွန်ုပ်လိုအပ်သောအရာကို ပေး၍ သူ၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်ကိုငှားထားပါသည်”ဟု ပြန်ဖြေလေ၏။
18:5 ထိုအခါ သူတို့က “ငါတို့သွားနေသောခရီးစဉ် အောင်မြင်မည်၊ မအောင်မြင်မည်ကို သိနိုင်ရန် ဘုရားသခင်ထံမေးလျှောက်ပေးပါလော့”ဟု သူ့အားဆိုလေ၏။
18:6 ယဇ်ပုရောဟိတ်က သူတို့အား “အေးအေးချမ်းချမ်းသွားပါ။ သင်တို့ခရီးစဉ်တွင် ထာဝရဘုရားပါရှိတော်မူပါ၏”ဟု ပြန်ပြော၏။
18:7 ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။
18:8 သူတို့သည် အမျိုးသားချင်းတို့ရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်ရောက်သောအခါ အမျိုးသားချင်းတို့က “အခြေအနေ မည်သို့နည်း”ဟု မေးမြန်းကြ၏။
18:9 သူတို့ကလည်း “လာကြ၊ သူတို့ကို သွားတိုက်ကြစို့၊ ထိုပြည်ကို ငါတို့မြင်ခဲ့ပြီ။ အလွန်သာယာသောပြည် ဖြစ်၏။ ငြိမ်မနေကြနှင့်။ တွန့်ဆုတ်မနေကြနှင့်။ ထိုပြည်ကို သွားရောက်သိမ်းပိုက်ကြစို့။
18:10 သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။
18:11 ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့ရှိ ဒန်မျိုးနွယ်စုထဲမှ လူခြောက်ရာတို့သည် စစ်တိုက်ရန် လက်နက်စွဲကိုင်လျက် ချီတက်သွားရာ
18:12 သူတို့သည် ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့အနီးသို့ရောက်သောအခါ စခန်းချကြ၏။ ထို့ကြောင့် ထိုအရပ်ကို မဟာနေဒန် ဟုယနေ့တိုင်အောင် ခေါ်တွင်၏။ ထိုအရပ်သည် ကိရယတ်ယာရိမ်မြို့၏အနောက်ဘက်တွင်ရှိ၏။
18:13 သူတို့သည် ထိုအရပ်မှ ဆက်ချီတက်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ ရောက်ကြ၏။
18:14 ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ် ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။
18:15 ထို့ကြောင့် သူတို့သည် လေဝိလူငယ်နေထိုင်ရာ မိက္ခာ၏အိမ်သို့ဝင်ပြီး သူ့အား သာကြောင်းမာကြောင်းနှုတ်ဆက်ကြ၏။
18:16 စစ်လက်နက်စွဲကိုင်သောဒန်အမျိုးသားခြောက်ရာတို့သည် တံခါးဝ၌ရပ်နေကြ၏။
18:17 ထိုသို့ စစ်လက်နက်စွဲကိုင်သောလူခြောက်ရာနှင့်ယဇ်ပုရောဟိတ်သည် တံခါးဝ၌ရပ်နေစဉ် လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်တို့သည် အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ကို ယူလေ၏။
18:18 ထိုသူတို့သည် မိက္ခာ၏အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့်သွန်းလုပ်ထားသောရုပ်တုတို့ကို ယူကြသဖြင့် ယဇ်ပုရောဟိတ်က သူတို့အား “သင်တို့ ဘာလုပ်နေကြသနည်း”ဟု မေး၏။
18:19 ထိုသူတို့ကလည်း “သင့်လက်ဖြင့် ပါးစပ်ကိုပိတ်ပြီး တိတ်တိတ်နေလော့။ အကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့၍ အကျွန်ုပ်တို့၏အဖ၊ အကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်အဖြစ်နေပါ။ သင်သည် မိသားစုတစ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းထက် အစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်၊ အစ္စရေးလူမျိုးထဲမှ မျိုးနွယ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းက ပိုကောင်းသည်မဟုတ်လော”ဟု သူ့အား မေးလေ၏။
18:20 ယဇ်ပုရောဟိတ်သည်လည်း ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် ထွင်းထုထားသောရုပ်တုတို့ကိုယူပြီး သူတို့နှင့်အတူ ဝမ်းသာအားရလိုက်သွားလေ၏။
18:21 သူတို့သည် ကလေးများ၊ ဝန်စည်စလယ်တင်သောတိရစ္ဆာန်များကို ရှေ့ဆုံးမှသွားစေ၍ ခရီးဆက်ကြ၏။
18:22 မိက္ခာအိမ်မှ အတော်ဝေးဝေးသို့ရောက်သောအခါ မိက္ခာသည် မိမိအိမ်နီးချင်းတို့ကို ခေါ်ပြီး ဒန်အမျိုးသားတို့ကို အမီလိုက်၍
18:23 အနောက်မှဟစ်ခေါ်သဖြင့် ဒန်အမျိုးသားတို့သည် နောက်သို့လှည့်၍ မိက္ခာအား “အဘယ်ကြောင့် အော်ဟစ်နေသနည်း”ဟု မေးသော်
18:24 မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။
18:25 ဒန်အမျိုးသားတို့က သူ့အား “ငါတို့ကြားအောင် အော်ကြီးဟစ်ကျယ် မပြုနှင့်။ ဒေါသကြီးသောလူတို့သည် သင့်ကိုတိုက်ခိုက်သဖြင့် သင်နှင့်သင့်အိမ်သူအိမ်သားတို့ သေသွားရလိမ့်မည်”ဟု ဆိုပြီးလျှင်
18:26 ခရီးဆက်သွားကြ၏။ မိက္ခာကလည်း ဒန်အမျိုးသားတို့သည် မိမိထက်ပို၍အားကြီးကြောင်း သိမြင်သဖြင့် နောက်ပြန်လှည့်၍ အိမ်သို့ပြန်သွားလေ၏။
18:27 ဤသို့ဖြင့် ဒန်အမျိုးသားတို့သည် မိက္ခာထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်၍ စိုးရိမ်ပူပန်မှုမရှိ၊ စိတ်အေးလက်အေးနေတတ်သောလူတို့ရှိရာ လဲရှမြို့သို့ ရောက်လာကြရာ မြို့သားတို့ကို ဓားဖြင့်သတ်၍ မြို့ကို မီးရှို့ပစ်၏။
18:28 ထိုမြို့သည် ဆီဒုန်မြို့နှင့် ကွာဝေးသည့်အပြင် မြို့သားတို့သည်လည်း မည်သူနှင့်မျှအဆက်အဆံမရှိသောကြောင့် သူတို့ကို ကယ်တင်မည့်သူမရှိ။ လဲရှမြို့သည် ဗက်ရဟောဘမြို့အနီး ချိုင့်ဝှမ်းဒေသ၌ ရှိ၏။ ဒန်အမျိုးသားတို့သည် မြို့ကိုပြန်လည်တည်ထောင်၍ နေထိုင်ကြ၏။
18:29 ယခင်က လဲရှ ဟုခေါ်သောမြို့ကို ဒန်အမျိုးသားတို့သည် သူတို့၏ဘိုးဘေးဖြစ်သော အစ္စရေး၏သား ဒန်ကိုအစွဲပြု၍ ဒန်မြို့ဟုခေါ်ကြ၏။
18:30 ဒန်အမျိုးသားတို့သည် မိက္ခာထံမှယူလာသောရုပ်တုကိုတည်ထား၍ မနာရှေ ၏မြေး၊ ဂေရရှုံ၏သား ယောနသန်နှင့်သူ၏သားတို့သည် ထိုပြည်သိမ်းပိုက်ခြင်းခံရသည့်နေ့ရက်တိုင်အောင် ဒန်အမျိုးအနွယ်အတွက် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ပေးကြ၏။
18:31 သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။