Judges 20
20:1 ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
20:2 အစ္စရေးအမျိုးအနွယ်အားလုံး၏အကြီးအကဲတို့နှင့် ဓားကိုင်ခြေလျင်တပ်သားလေးသိန်းတို့သည် ဘုရားသခင်၏လူမျိုးတော်စုဝေးရာနေရာတွင် နေရာယူကြ၏။
20:3 အစ္စရေးတပ် မိဇပါမြို့သို့ ချီတက်လာကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့ ကြားသိကြ၏။ အစ္စရေးအမျိုးသားတို့က “အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ရသနည်း။ ပြောပြပါလော့”ဟု မေးလျှင်
20:4 အသတ်ခံရသောအမျိုးသမီး၏ခင်ပွန်းလေဝိလူက “အကျွန်ုပ်နှင့် အကျွန်ုပ်၏မယားငယ်သည် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့တွင် ညအိပ်ရပ်နားရန် ရောက်လာပါ၏။
20:5 ညအချိန်တွင် ဂိဗာမြို့သားတို့သည် အကျွန်ုပ်ရှိရာအိမ်ကိုဝိုင်းထားပြီး အကျွန်ုပ်ကိုသတ်ရန် ကြံစည်ကြပါ၏။ အကျွန်ုပ်၏မယားငယ်ကိုလည်း သေသည်အထိအဓမ္မပြုကြပါ၏။
20:6 ထိုသို့ ဂိဗာမြို့သားတို့သည် အစ္စရေးလူမျိုးတို့တွင် ညစ်ညမ်းသောအမှု၊ ယုတ်ညံ့သောအမှုကို ပြုကြသောကြောင့် အကျွန်ုပ်လည်း မယားငယ်အသေကောင်ကို ခုတ်ဖြတ်ပြီး အစ္စရေးလူမျိုးတို့ အမွေခံရာပြည်တစ်လျှောက်လုံးသို့ ပို့လိုက်ပါ၏။
20:7 သင်တို့အားလုံးသည် အစ္စရေးအမျိုးသားများ ဖြစ်ကြပါ၏။ ယခု တိုင်ပင်၍ အကြံပေးကြပါလော့”ဟု ဆို၏။
20:8 ထိုအခါ လူအပေါင်းတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် “ငါတို့ တစ်ယောက်မျှ ကိုယ့်တဲသို့မသွား၊ ကိုယ့်အိမ်သို့ မပြန်ပါ။
20:9 ငါတို့ ဤသို့ အစီစဉ်ဆွဲမည်။ မဲချပြီး ဂိဗာမြို့ကို သွားတိုက်ကြမည်။
20:10 အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။
20:11 ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန် တစ်စိတ်တစ်သဘောတည်းစုဝေးကြ၏။
20:12 အစ္စရေးအမျိုးအနွယ်တို့သည် ဗင်္ယာမိန်တစ်မျိုးနွယ်လုံးထံ လူလွှတ်လျက် “သင်တို့တွင် အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ပျက်ရသနည်း။
20:13 ယခု ဂိဗာမြို့ထဲရှိဆိုးညစ်သောသူတို့ကို ထုတ်ပေးပါ။ သူတို့ကိုသတ်ပြီး အစ္စရေးလူမျိုးထဲမှ မကောင်းမှုကို ဖယ်ရှားပစ်မည်”ဟု မှာလိုက်၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့အမျိုးသားချင်းဖြစ်သောအစ္စရေးအမျိုးသားတို့၏စကားကို နားမထောင်လိုကြ။
20:14 အစ္စရေးအမျိုးသားတို့ကို ထွက်တိုက်ရန် ဗင်္ယာမိန်အမျိုးသားတို့သည် အမြို့မြို့မှလာ၍ ဂိဗာမြို့၌ စုရုံးကြ၏။
20:15 ထိုနေ့၌ အမြို့မြို့မှဗင်္ယာမိန်အမျိုးသား ဓားကိုင်သူရဲနှစ်သောင်းခြောက်ထောင်အပြင် ရွေးကောက်ခံရသောဂိဗာမြို့သားယောက်ျားခုနစ်ရာတို့လည်း စုရုံးပါဝင်ကြ၏။
20:16 ဤလူအပေါင်းတို့တွင် ရွေးကောက်ထားသောလက်ဝဲလက်အားသန်သူယောက်ျားအယောက်ခုနစ်ရာရှိ၏။ သူတို့သည် ဆံချည်တစ်ပင်ကိုပင် လောက်လွှဲနှင့်ထိအောင် ပစ်နိုင်သူများဖြစ်၏။
20:17 ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။
20:18 အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
20:19 ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် နံနက်အချိန်ချီတက်၍ ဂိဗာမြို့အနီးတွင် စခန်းချ၏။
20:20 အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးကို တိုက်ခိုက်ရန် ချီတက်လာ၍ ဂိဗာမြို့၌ နေရာယူကြသောအခါ
20:21 ဗင်္ယာမိန်အမျိုးသားတို့ကလည်း ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရာ ထိုနေ့တွင် အစ္စရေးလူမျိုး အယောက်နှစ်သောင်းနှစ်ထောင်ကို သတ်ပစ်လိုက်ကြ၏။
20:22 သို့သော် အစ္စရေးအမျိုးသားတို့သည် အားယူ၍ ပထမနေ့ စစ်ဖြစ်ခဲ့သောနေရာတွင်ပင် နောက်တစ်ဖန် စစ်တိုက်ရန် နေရာယူကြပြန်၏။
20:23 အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
20:24 ထို့ကြောင့် ဒုတိယနေ့တွင် အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ထံ ချီတက်ကြ၏။
20:25 ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဒုတိယနေ့တွင် ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရာ အစ္စရေးအမျိုးသား ဓားကိုင်သူရဲ အယောက်တစ်သောင်းရှစ်ထောင်ကို သတ်ပစ်ပြန်၏။
20:26 အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
20:27 တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားအား မေးလျှောက်ကြ၏။ (ထိုစဉ်က ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ဗေသလအရပ်တွင် ရှိ၍
20:28 အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။
20:29 ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့ပတ်ပတ်လည်တွင် တပ်ပုန်းချထား၍
20:30 တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ထံချီတက်ကာ ယခင်ကကဲ့သို့ပင် ဂိဗာမြို့နားတွင် နေရာယူကြပြန်သောအခါ
20:31 ဗင်္ယာမိန်အမျိုးသားတို့ကလည်း ထွက်တိုက်ရာ မြို့နှင့်ဝေးရာသို့ ရောက်လာကြ၏။ သူတို့သည် အစ္စရေးလူမျိုးတို့ကို ယခင်ကကဲ့သို့ပင် ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာမြို့သို့သွားသောလမ်းတို့တွင် စတင်တိုက်ခိုက်ပြီး လူအယောက်သုံးဆယ်ခန့်ကို ကွင်းပြင်တွင် သတ်လေ၏။
20:32 ဗင်္ယာမိန်အမျိုးသားတို့ကလည်း “ယခင်ကကဲ့သို့ပင် သူတို့ရှုံးပြန်ပြီ”ဟု ဆို၏။ အစ္စရေးအမျိုးသားတို့ကမူ “ငါတို့ ထွက်ပြေးကြစို့။ သူတို့ကို မြို့နှင့်ဝေးရာ လမ်းမများဆီသို့ မျှားခေါ်သွားကြစို့”ဟု ဆိုကြ၏။
20:33 ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထိုအရပ်မှထွက်၍ ဗာလတာမာအရပ်၌ နေရာယူကြ၏။ အစ္စရေးတပ်ပုန်းအဖွဲ့ကလည်း မိမိတို့ပုန်းနေရာ မာရေဂေဗ မှ ထွက်လာကြ၏။
20:34 အစ္စရေးတစ်မျိုးသားလုံးထဲမှ ရွေးကောက်ထားသောလူ အယောက်တစ်သောင်းတို့သည်လည်း ဂိဗာမြို့သို့ချီလာကြသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့၌ အဖြစ်ဆိုးကြီးကြုံရတော့မည်ကို မရိပ်မိကြ။
20:35 ထာဝရဘုရားသည် ဗင်္ယာမိန်အမျိုးကို အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေတော်မူသဖြင့် ထိုနေ့၌ အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုး ဓားကိုင်သူရဲ အယောက်နှစ်သောင်းငါးထောင့်တစ်ရာကို သတ်လိုက်လေ၏။
20:36 ထိုအခါ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ရှုံးနိမ့်ကြောင်း ရိပ်မိလေ၏။ အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့အနီး၌ ချထားသောတပ်ပုန်းကိုအားကိုး၍ ဗင်္ယာမိန်တို့ထံမှ ဆုတ်ခွာခဲ့သည့်အတိုင်း
20:37 တပ်ပုန်းအဖွဲ့ကလည်း ဂိဗာမြို့ထဲသို့ တဟုန်ထိုးပြေးဝင်၍ တပ်ဖြန့်ကာ မြို့တစ်မြို့လုံးကို ဓားဖြင့်လုပ်ကြံလေ၏။
20:38 အချက်ပြလက္ခဏာအဖြစ် မြို့ထဲမှ မီးခိုးလုံးကြီးတက်စေမည်ဟူ၍ အစ္စရေးတပ်ဖွဲ့နှင့် တပ်ပုန်းအဖွဲ့တို့ ချိန်းချက်ထား၏။
20:39 မြို့ထဲမှ မီးခိုးလုံးကြီးတက်လာလျှင် အစ္စရေးတပ်သည် စစ်ပွဲထဲသို့ပြန်လှည့်မည်ဟူ၍ ဖြစ်၏။ ဗင်္ယာမိန်အမျိုးသားတို့မူကား အစ္စရေးအမျိုးသားတို့နှင့် စတိုက်စဉ်က လူအယောက်သုံးဆယ်ခန့်ကို သတ်မိလေသဖြင့် “သူတို့သည် ယခင်စစ်ပွဲများကဲ့သို့ပင် ငါတို့ကို ရှုံးနိမ့်လေပြီ”ဟု ဆိုကြ၏။
20:40 ထိုစဉ် မြို့ထဲမှ မီးခိုးလုံး စတက်လာလေ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း နောက်သို့လှည့်ကြည့်ရာ မြို့ထဲမှမီးခိုးလုံးကြီး ကောင်းကင်သို့တက်နေသည်ကို မြင်လေ၏။
20:41 အစ္စရေးစစ်တပ်လည်း ပြန်လှည့်လာ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း အဖြစ်ဆိုးနှင့်ကြုံရတော့မည်ကို သိ၍ထိတ်လန့်နေကြ၏။
20:42 ထို့ကြောင့် အစ္စရေးအမျိုးသားတို့ထံမှ ဆုတ်၍တောကန္တာရသို့ ထွက်ပြေးကြ၏။ သို့သော် အစ္စရေးတပ်သည် သူတို့ကို လိုက်တိုက်၏။ မြို့ရွာများမှလူတို့သည်လည်းထွက်လာ၍ သူတို့ထံသို့လာသောသူတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
20:43 အစ္စရေးစစ်တပ်သည် ဗင်္ယာမိန်အမျိုးသားတို့ကို ဝိုင်း၍လိုက်တိုက်ရာ ဂိဗာမြို့အရှေ့ဘက်နေထွက်ရာအရပ်တွင် အလွယ်တကူနှိမ်နင်းနိုင်ခဲ့၏။
20:44 ထိုအခါ ဗင်္ယာမိန်အမျိုးသားထဲမှ ရဲစွမ်းသတ္တိရှိသူတစ်သောင်းရှစ်ထောင်ကျဆုံးလေ၏။
20:45 အချို့တို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်သို့ထွက်ပြေးကြသဖြင့် အစ္စရေးတပ်ကလိုက်လံသတ်ဖြတ်ရာ လမ်းတစ်လျှောက်တွင် လူအယောက်ငါးထောင်ကို သတ်ဖြတ်၏။ ဂိဒုံမြို့အထိ ဆက်လိုက်၍ လူနှစ်ထောင်ကို သတ်ဖြတ်လေ၏။
20:46 ထိုနေ့တွင် ဗင်္ယာမိန်အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး၏။
20:47 လူအယောက်ခြောက်ရာတို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်ဘက်သို့ လှည့်ပြေးကြပြီး ထိုသူတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလနေကြ၏။
20:48 အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။