1 Samuel 20
20:1 ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။
20:2 ယောနသန်ကလည်း “ထိုသို့ ဖြစ်မည်မဟုတ်။ သင်မသေရ။ ငါ့ခမည်းတော်သည် အမှုကြီးကြီးငယ်ငယ် ငါနှင့်မတိုင်ပင်ဘဲမပြု။ ငါ့ခမည်းတော်သည် ဤအမှုကို ငါ့အား မပြောဘဲ အဘယ်ကြောင့်ဖုံးကွယ်ထားမည်နည်း။ ဤအမှု မဖြစ်ရ”ဟု ပြန်ပြောလေ၏။
20:3 ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
20:4 ထိုအခါ ယောနသန်က ဒါဝိဒ်အား “သင့်စိတ်အလိုရှိသည့်အတိုင်း ငါပြုပေးမည်”ဟု ဆို၏။
20:5 ဒါဝိဒ်က ယောနသန်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ အကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲတွင် ထိုင်စားရမည်ဖြစ်သော်လည်း သုံးရက်မြောက်နေ့ နေဝင်ချိန်အထိ တောထဲ၌ သွားပုန်းခွင့်ပြုပါ။
20:6 အကျွန်ုပ်ပျက်ကွက်ကြောင်း သင့်ခမည်းတော် သိသွားခဲ့လျှင် ‘မျိုးနွယ်စုတစ်စုလုံး နှစ်စဉ်ပူဇော်ပွဲရှိသည်ဖြစ်၍ ဒါဝိဒ်က ဗက်လင်မြို့သို့ ပြန်သွားခွင့်ပြုပါမည့်အကြောင်း အကျွန်ုပ်ထံ တစာစာခွင့်တောင်းသဖြင့် အကျွန်ုပ်ခွင့်ပြုလိုက်ပါသည်’ဟု လျှောက်တင်ပေးပါ။
20:7 မင်းကြီးက ‘ကောင်းပြီ’ဟု ဆိုလျှင် အရှင်၏အစေအပါးသည် အသက်ချမ်းသာရာရပြီ။ ထိုသို့မဟုတ်ဘဲ အမျက်ပြင်းစွာထွက်လျှင် အကျွန်ုပ်ကို မကောင်းကြံပြီးဖြစ်ကြောင်း သိပါလော့။
20:8 သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။
20:9 ထိုအခါ ယောနသန်က “သင်၌ ထိုသို့ မဖြစ်ရ။ ငါ့ခမည်းတော်သည် သင့်အား မကောင်းကြံသည်ကို ငါသိခဲ့လျှင် သင့်ကို ငါမပြောဘဲ နေမည်လော”ဟု ပြန်ပြော၏။
20:10 ဒါဝိဒ်ကလည်း ယောနသန်အား “အကယ်၍ သင့်ခမည်းတော်က သင့်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြန်ပြောလျှင် ကျွန်ုပ်ကို မည်သူပြောပြမည်နည်း”ဟု ဆို၏။
20:11 ယောနသန်ကလည်း ဒါဝိဒ်အား “လာပါ။ ငါတို့ တောထဲသို့ သွားရအောင်”ဟု ဆိုပြီး နှစ်ယောက်သား တောသို့ ထွက်သွားကြ၏။
20:12 ထို့နောက် ယောနသန်က ဒါဝိဒ်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ မနက်ဖြန်၊ သန်ဘက်ခါ ဤအချိန်တွင် ငါ့ခမည်းတော်ကို ငါစောင့်ကြည့်မည်။ သင်ဒါဝိဒ်အပေါ် ငါ့ခမည်းတော်ကောင်းမည်ဆိုလျှင် ငါသည် သင့်ထံသို့လူလွှတ်၍ ဆက်ဆက်ပြောကြားပေးမည်။
20:13 ငါ့ခမည်းတော်က သင့်ကိုမကောင်းကြံလျှင်လည်း သင်သည် ဘေးကင်းစွာ ထွက်သွားနိုင်ရန် သင့်ကို ပြောကြားပေးမည်။ ထိုသို့ငါမပြုလျှင် ထာဝရဘုရားသည် ငါယောနသန်ကို ထိုထက်မကပြုတော်မူပါစေသော။ ထာဝရဘုရားသည် ငါ့ခမည်းတော်နှင့်အတူရှိတော်မူသကဲ့သို့ သင်နှင့်လည်း အတူရှိတော်မူပါစေသော။
20:14 ငါမသေရမည့်အကြောင်း ငါအသက်ရှင်လျက်နေစဉ်တွင် ငါ့အား ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို မပြဘဲမနေပါနှင့်။
20:15 ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေမျက်နှာပြင်မှ သုတ်သင်ပယ်ရှင်းတော်မူသည့်အခါ ငါ၏အိမ်သူအိမ်သားတို့အား သင်၏မေတ္တာကရုဏာကို မဖြတ်ဘဲ ဆက်၍ပြသပေးပါ”ဟု ဆို၏။
20:16 ထို့နောက် ယောနသန်က “ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့ကို သုတ်သင်တော်မူပါစေသော”ဟု ဆို၍ ဒါဝိဒ်၏အိမ်သူအိမ်သားတို့နှင့် ကတိသစ္စာပြုလေ၏။
20:17 ယောနသန်သည် ဒါဝိဒ်ကို မိမိကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်ကို ချစ်သောစိတ်ဖြင့် ထပ်မံကျိန်ဆို၏။
20:18 ယောနသန်က ဒါဝိဒ်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ သင့်ထိုင်ခုံလွတ်နေလျှင် သင်မရှိသည်မှာ သိသာလိမ့်မည်။
20:19 သုံးရက်မြောက်နေ့တွင် အခင်းဖြစ်သောနေ့၌ သင်ပုန်းနေခဲ့သောနေရာသို့ အမြန်လာခဲ့ပြီး ဧဇေလကျောက်နားတွင် စောင့်နေပါ။
20:20 ငါသည် ပစ်မှတ်ကို ပစ်သကဲ့သို့ ထိုကျောက်ဘေးနားသို့ မြားသုံးစင်း ပစ်လွှတ်မည်။
20:21 လူငယ်တစ်ဦးအား ‘မြားတို့ကို လိုက်ရှာလော့’ဟု စေခိုင်းမည်။ အကယ်၍ ငါက ထိုလူငယ်အား ‘ကြည့်လော့။ မြားတို့သည် သင့်ဘေး၌ရှိ၏။ ကောက်ယူလာခဲ့လော့’ဟု ဆိုလျှင် သင်ထွက်လာလော့။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သင်၌ အန္တရာယ်မရှိ။ ဘေးကင်းလေပြီ။
20:22 အကယ်၍ ငါက ထိုလူငယ်အား ‘မြားတို့သည် သင့်ကိုလွန်သွားပြီ’ဟု ဆိုလျှင် သင်ထွက်သွားပါ။ ထာဝရဘုရားသည် သင့်ကို ထွက်ပြေးစေပြီ။
20:23 ယခု သင်နှင့် ငါကတိသစ္စာထားခဲ့သောအရာများနှင့်ပတ်သက်၍ ထာဝရဘုရားသည် သင်နှင့် ငါ၏ကြားမှာသက်သေအစဉ် ဖြစ်ပါစေ”ဟု ဆို၏။
20:24 ထို့နောက် ဒါဝိဒ်သည် တော၌ ပုန်းအောင်းနေ၏။ လဆန်းပွဲနေ့ရောက်သောအခါ ရှင်ဘုရင်သည် စားတော်ခေါ်ရန် နေရာယူလေ၏။
20:25 ရှင်ဘုရင်သည် ယခင်ကကဲ့သို့ပင် သူ့နေရာဖြစ်သောနံရံနားတွင် နေရာယူ၏။ ယောနသန်သည် ရပ်နေ၍ အာဗနာသည် ရှောလုမင်းကြီး၏ဘေး၌ ထိုင်၏။ ဒါဝိဒ်၏နေရာမူကား လွတ်နေ၏။
20:26 ထိုနေ့တွင် ရှောလုမင်းကြီးက “ဒါဝိဒ်သည် တစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်၍ဖြစ်မည်။ စင်စစ် သူမစင်မကြယ်ဖြစ်၍ မလာခြင်းဖြစ်မည်”ဟု တွေး၍ မည်သို့မျှမပြောပေ။
20:27 နောက်တစ်နေ့ လဆန်းပွဲ ဒုတိယမြောက်နေ့တွင်လည်း ဒါဝိဒ်၏နေရာသည် လွတ်နေပြန်၏။ ထိုအခါ ရှောလုမင်းကြီးက သားတော်ယောနသန်အား “ယေရှဲ၏သားသည် မနေ့ကရော ယနေ့ပါ စားသောက်ပွဲသို့ အဘယ်ကြောင့် မလာဘဲနေသနည်း”ဟု မေး၏။
20:28 ယောနသန်က “ဒါဝိဒ်သည် ဗက်လင်မြို့သို့ ပြန်သွားခွင့်ပြုပါမည့်အကြောင်း အကျွန်ုပ်ထံ တစာစာခွင့်တောင်းပါ၏။
20:29 သူက ‘ထိုမြို့၌ အကျွန်ုပ်တို့မျိုးနွယ်စု၏ယဇ်ပူဇော်ပွဲရှိသည်ဖြစ်၏။ အကျွန်ုပ်၏အစ်ကိုလည်း အကျွန်ုပ်ကို မှာလိုက်ပါပြီ။ ထို့ကြောင့် အရှင်အလိုရှိလျှင် အကျွန်ုပ်၏အစ်ကိုတို့နှင့် ပြန်လည်တွေ့ဆုံခွင့်ပြုပါ’ဟု ဆိုပါ၏။ ထို့ကြောင့် ယခု အရှင်မင်းကြီး၏စားသောက်ပွဲသို့ သူမလာနိုင်ပါ”ဟု ပြန်လျှောက်၏။
20:30 ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်အား အမျက်ပြင်းစွာထွက်လျက် “ပုန်ကန်ဖောက်ပြားသောမိန်းမ၏သား၊ သင်အရှက်ရအောင်၊ သင့်မိခင် အဝတ်အချည်းစည်းဖြစ်ပြီး အရှက်ကွဲအောင် သင်သည် ယေရှဲ၏သားဘက်၌ ရပ်တည်နေသည်ကို ငါမသိဘဲနေမည်လော။
20:31 ယေရှဲ၏သားသည် မြေကြီးပေါ်တွင် အသက်ရှင်သမျှကာလပတ်လုံး သင်နှင့် သင့်နိုင်ငံ တည်မြဲမည်မဟုတ်။ ယခုချက်ချင်း သူ့ကို လူလွှတ်ခေါ်စေ။ သူသည် သေသင့်သောသူဖြစ်၏”ဟု ဆို၏။
20:32 ယောနသန်ကလည်း ခမည်းတော်ရှောလုမင်းကြီးအား “အဘယ်ကြောင့် သူသေရမည်နည်း။ မည်သည့်အမှုကို သူပြုမိသနည်း”ဟု မေးလျှောက်လျှင်
20:33 ရှောလုမင်းကြီးသည် ယောနသန်ကို သတ်ရန် လှံနှင့်ထိုးလိုက်၏။ ယောနသန်လည်း သူ့ခမည်းတော်သည် ဒါဝိဒ်ကို သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ရိပ်မိလေ၏။
20:34 ထို့ကြောင့် ယောနသန်သည် အမျက်ပြင်းစွာထွက်၍ စားပွဲမှထလေ၏။ မိမိခမည်းတော်သည် ဒါဝိဒ်ကို နှိမ်သောကြောင့် စိတ်ထိခိုက်သဖြင့် လဆန်းပွဲဒုတိယနေ့တွင် အစာကို မစားဘဲနေ၏။
20:35 နံနက်ရောက်သောအခါ ယောနသန်သည် လူငယ်လေးတစ်ဦးနှင့်အတူ ဒါဝိဒ်နှင့်ချိန်းချက်ထားသောတောသို့ သွား၍
20:36 လူငယ်လေးအား “ယခု ပြေးပြီး ငါပစ်လွှတ်သောမြားကို ရှာပါ”ဟု ဆို၏။ ထိုလူငယ်လေးပြေးသောအခါ သူ့ကို ကျော်သွားအောင် ယောနသန်သည် မြားကို ပစ်လွှတ်လိုက်၏။
20:37 ယောနသန်ပစ်လိုက်သောမြားကျသည့်နေရာသို့ လူငယ်လေးရောက်သွားသောအခါ “မြားက သင့်ရှေ့ကိုကျော်သွားပြီမဟုတ်လော”ဟု ယောနသန်သည် လူငယ်လေးနောက်မှ အော်ပြော၏။
20:38 ထို့ပြင် ယောနသန်က “အလျင်အမြန် ပြေးပါတော့။ ရပ်မနေဘဲ အမြန်သာပြေးပါတော့”ဟု လူငယ်လေးနောက်မှ အော်ဟစ်၏။ လူငယ်လေးသည်လည်း ယောနသန်ပစ်လိုက်သောမြားကို ကောက်ပြီး သခင့်ထံပြန်လာ၏။
20:39 လူငယ်လေးသည် ဤကိစ္စကို ဘာမျှနားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ သိသောကိစ္စ ဖြစ်၏။
20:40 ယောနသန်သည် သူနှင့်အတူပါလာသောလူငယ်လေးအား သူ့လက်နက်များကို ပေး၍ “မြို့ထဲသို့ ပြန်ယူသွားပါတော့”ဟု ဆို၏။
20:41 ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။
20:42 ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။