1 Samuel 24
24:1 ရှောလုမင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ပြီး ပြန်လာသောအခါ “ကြည့်ရှုလော့။ ဒါဝိဒ်သည် အင်္ဂေဒိတောကန္တာရ၌ ပုန်းရှောင်နေပါသည်”ဟု သူ့အား လျှောက်တင်ကြ၏။
24:2 ထို့ကြောင့် ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့ထဲမှရွေးချယ်ထားသောလူသုံးထောင်ကိုခေါ်၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကိုရှာဖွေရန် တောင်ဆိတ်များကျက်စားရာကျောက်ဆောင်ရှေ့သို့ သွားလေ၏။
24:3 လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့် ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။
24:4 ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။
24:5 သို့သော် ဒါဝိဒ်သည် ထိုသို့ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကိုဖြတ်မိသည့်အတွက် စိတ်မကောင်းဖြစ်လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေ၏။
24:6 ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။
24:7 ထိုသို့ ပြောဆိုခြင်းဖြင့် ဒါဝိဒ်သည် မိမိနောက်လိုက်တို့ကို တားဆီးလေ၏။ ရှောလုမင်းကြီးအား တိုက်ခိုက်ရန် အခွင့်မပေး။ ရှောလုမင်းကြီးသည်လည်း လိုဏ်ဂူထဲမှထွက်ပြီး ခရီးဆက်လေ၏။
24:8 ထို့နောက် ဒါဝိဒ်သည် လိုဏ်ဂူထဲမှထွက်လာပြီး “အကျွန်ုပ်၏သခင်၊ အရှင်မင်းကြီး”ဟု ရှောလုမင်းကြီး၏နောက်မှ အော်ခေါ်ရာ ရှောလုမင်းကြီးသည် နောက်သို့လှည့်ကြည့်လျှင် ဒါဝိဒ်သည် မြေပေါ်ပျပ်ဝပ်လျက် ဦးချလေ၏။
24:9 ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။
24:10 ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။
24:11 အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
24:12 ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။
24:13 ‘ဆိုးယုတ်သောသူထံမှ ဆိုးယုတ်သောအမှု ထွက်တတ်၏’ဟူသော ရှေးဆိုရိုးရှိပါ၏။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။
24:14 အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။
24:15 ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။
24:16 ဒါဝိဒ်သည် ရှောလုမင်းကြီးအား ထိုစကားအလုံးစုံကို ပြောပြီးသောအခါ ရှောလုမင်းကြီးက “ငါ့သားဒါဝိဒ်၊ ဤအသံကား သင့်အသံလော”ဟု ဆိုပြီးလျှင် ရှောလုမင်းကြီးသည် အော်ဟစ်ငိုကြွေးလေ၏။
24:17 ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။
24:18 ထာဝရဘုရားသည် ငါ့ကို သင့်လက်သို့အပ်နှံသော်လည်း သင်သည် ငါ့ကိုမသတ်ဘဲ ကောင်းစွာပြုမူခဲ့ကြောင်းကို ယနေ့ သင်ထုတ်ဖော်ပြပြီ။
24:19 လူသည် မိမိရန်သူကိုတွေ့လျှင် သူ့ကို ဘာမျှမပြုဘဲ အလွတ်ပေးမည်လော။ သို့သော် ယနေ့မှာ ငါ့ကို သင်ပြုပေးခဲ့သမျှ ထာဝရဘုရားသည် သင့်ကို ကောင်းသောအရာများ ပြန်ပေးတော်မူပါစေသော။
24:20 ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်၍ အစ္စရေးနိုင်ငံသည် သင့်လက်၌ တည်မည်ကို ငါသိပြီ။
24:21 သို့ဖြစ်၍ သင်သည် နောင်လာမည့် ငါ့သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့နာမကိုလည်း ငါ့ဖခင်၏အိမ်ထောင်စုမှ မပယ်ရှားမည့်အကြောင်း ထာဝရဘုရားရှေ့၌ ကျိန်ဆိုပါလော့”ဟု ဆိုလျှင်
24:22 ဒါဝိဒ်သည် ရှောလုမင်းကြီးအား ကျိန်ဆိုလေ၏။ ထို့နောက် ရှောလုမင်းကြီးသည် မိမိအိမ်သို့ ပြန်သွား၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့မူကား ဥမင်လိုဏ်ခေါင်းရှိရာသို့ တက်သွားလေ၏။