1 Samuel 7
7:1 ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။
7:2 ထိုနေ့မှစ၍ သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့၌ အနှစ်နှစ်ဆယ်တိုင်တိုင် အချိန်ကြာမြင့်စွာရှိနေ၏။ ထိုအချိန်အတွင်းတွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်အားကိုးလျက်နေကြ၏။
7:3 ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။
7:4 ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
7:5 ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။
7:6 အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။
7:7 အစ္စရေးအမျိုးသားတို့သည် မိဇပါမြို့၌ စုဝေးကြကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားသောအခါ ဖိလိတ္တိမင်းတို့သည် အစ္စရေးအမျိုးသားတို့ကိုတိုက်ခိုက်ရန် ချီလာကြ၏။ ထိုသတင်းကို အစ္စရေးအမျိုးသားတို့ ကြားသိသောအခါ ဖိလိတ္တိလူမျိုးတို့ကို ကြောက်ရွံ့ကြကုန်၏။
7:8 ထို့ကြောင့် အစ္စရေးအမျိုးသားတို့က ရှမွေလအား “အကျွန်ုပ်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှကယ်နုတ်တော်မူပါမည့်အကြောင်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ အကျွန်ုပ်တို့အဖို့ ဆက်လက်ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
7:9 ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။
7:10 ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။
7:11 အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့မှထွက်၍ ဗက်ကာမြို့အောက်ဘက်တိုင်အောင် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံသတ်ဖြတ်လေ၏။
7:12 ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာ ဟုခေါ်လေ၏။
7:13 ဤသို့ ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်သဖြင့် အစ္စရေးလူမျိုးတို့၏နယ်မြေထဲသို့ နောက်တစ်ဖန် မကျူးကျော်ဝံ့ကြတော့ချေ။ ရှမွေလလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်တော်မူ၏။
7:14 အစ္စရေးလူမျိုးတို့ထံမှ ဖိလိတ္တိလူမျိုးတို့ သိမ်းပိုက်ခဲ့သောမြို့များကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် အစ္စရေးလူမျိုးတို့ ပြန်လည်ရရှိကြ၏။ ဖိလိတ္တိလူမျိုးတို့လက်မှ အစ္စရေးလူမျိုးတို့အပိုင် နယ်မြေများကို ပြန်လည်ရရှိကြ၏။ အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့နှင့်လည်း သင့်မြတ်ခြင်းရှိလေ၏။
7:15 ရှမွေလသည် အသက်ရှင်သမျှကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။
7:16 သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
7:17 ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။