Matthew 1
1:1 အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
1:2 အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။-
1:3 ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
1:4 အာရံ၏သားသည်အမိနဒပ်၊ အမိနဒပ်၏သား မှာနာရှုန်၊ နာရှုန်၏သားကားစာလမုန်ဖြစ်၏။-
1:5 စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
1:6 ဉရိယ၏ဇနီးနှင့်ဒါဝိဒ်မင်းရသောသားသည် ရှောလမုန်ဖြစ်၏။-
1:7 ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-
1:8 အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
1:9 ဩဇိ၏သားသည်ယောသံ၊ ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားကားဟေဇကိဖြစ်၏။-
1:10 ဟေဇကိ၏သားသည်မနာရှေ၊ မနာရှေ၏သား မှာအာမုန်၊ အာမုန်၏သားကားယောရှိဖြစ်၏။-
1:11 ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့အား ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ ယောရှိရသော သားများကားယေခေါနိနှင့်ညီများဖြစ်ကြ၏။
1:12 ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
1:13 ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
1:14 အာဇော်၏သားသည်ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အာခိမ်၊ အာခိမ်၏သားကားဧလုဒ်ဖြစ်၏။-
1:15 ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-
1:16 ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။
1:17 သို့ဖြစ်၍ဆွေတော်စဉ်မျိုးတော်ဆက်များမှာ အာဗြဟံမှသည်ဒါဝိဒ်မင်းတိုင်အောင်တစ်ဆယ့် လေးဆက်၊ ဒါဝိဒ်မင်းမှသည်ဣသရေလအမျိုးသား တို့ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရချိန် တိုင်အောင်တစ်ဆယ့်လေးဆက်၊ ဣသရေလအမျိုးသား တို့ ဗာဗုလုန်မြို့သို့ရောက်ရှိချိန်မှသည်မေရှိယ ဖွားမြင်သည်တိုင်အောင်တစ်ဆယ့်လေးဆက်ဖြစ် သတည်း။
1:18 သခင်ယေရှုခရစ်ဖွားမြင်တော်မူပုံကားဤသို့ တည်း။ မယ်တော်မာရိနှင့်ယောသပ်တို့ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားပြီးနောက်၊ ပေါင်းသင်းနေထိုင် မှုမပြုရမီမာရိသည်သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့်ပဋိသေနန္ဓစွဲကပ်လေ၏။-
1:19 ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
1:20 ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
1:21 သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။
1:22 ဤအမှုအရာများမှာပရောဖက်အားဖြင့် ထာဝရဘုရားပေးတော်မူခဲ့သောဗျာဒိတ် တော်အတိုင်းဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။-
1:23 ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
1:24 သို့ဖြစ်၍ယောသပ်သည်အိပ်ပျော်ရာမှနိုးသော အခါ ထာဝရဘုရား၏ကောင်းကင်တမန်အမိန့် ရှိခဲ့သည့်အတိုင်း မာရိအားမိမိဇနီးအဖြစ် သိမ်းပိုက်လေ၏။-
1:25 သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။