Library · my

Proverbs 14

14:1 ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ 14:2 ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ 14:3 မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ 14:4 နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။ 14:5 သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။ 14:6 မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ 14:7 မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။ 14:8 ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။ 14:9 မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။ 14:10 စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။ 14:11 မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ 14:12 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။ 14:13 လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ 14:14 စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။ 14:15 ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။ 14:16 ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။ 14:17 စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။ 14:18 ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ 14:19 လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။ 14:20 ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။ 14:21 မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။ 14:22 မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။ 14:23 ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ 14:24 ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ 14:25 မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။ 14:26 ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ 14:27 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။ 14:28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။ 14:29 စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 14:30 ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။ 14:31 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ 14:32 မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။ 14:33 ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ 14:34 ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။ 14:35 ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။