Psalms 146
146:1 ထာဝရဘုရားအားထောမနာပြုလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
146:2 ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
146:3 လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။
146:4 သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။
146:5 ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
146:6 ကိုယ်တော်သည်ကောင်းကင်၊ကမ္ဘာမြေကြီး ပင်လယ်နှင့်တကွယင်းတို့တွင်ရှိသမျှသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်သစ္စာတော်ကိုအစဉ်အမြဲ စောင့်တော်မူ၏။
146:7 ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
146:8 မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
146:9 ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
146:10 ထာဝရဘုရားသည်ထာဝစဉ်ဘုရင် ဖြစ်တော်မူလိမ့်မည်။ အို ဇိအုန်မြို့၊သင်၏ဘုရားသည်ကာလ အစဉ်အဆက်စိုးစံတော်မူလိမ့်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။