Psalms 41
41:1 ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
41:2 ထာဝရဘုရားသည်သူ့အား ကွယ်ကာစောင့်ထိန်းတော်မူ၍သူ၏အသက်ကို စောင့်ထိန်းတော်မူလိမ့်မည်။ ကိုယ်တော်သည်သူ့အားပြည်တော်တွင်ဝမ်း မြောက်စွာ နေရသောအခွင့်ကိုပေးတော်မူလိမ့်မည်။ ရန်သူတို့၏လက်သို့အပ်တော်မူမည်မဟုတ်။
41:3 သူဖျားနာချိန်၌ကိုယ်တော်သည်ကူမတော်မူ၍ သူ့အားပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
41:4 ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှားပါပြီ။ ကျွန်တော်မျိုးအားသနားတော်မူ၍ရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုငါလျှောက်ထား၏။
41:5 ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
41:6 ငါ့အားလာ၍ကြည့်ကြသူများသည် စိတ်ရိုးသဘောရိုးရှိသူများမဟုတ်။ သူတို့သည်ငါ၏အကြောင်းမကောင်းသတင်း များကို ရှာဖွေစုဆောင်းလျက်နေရာအနှံ့အပြားသို့ သွား၍ပြောဆိုတတ်ကြ၏။
41:7 ငါ့ကိုမုန်းသောသူအပေါင်းတို့သည်ငါ့အကြောင်း အချင်းချင်းတီးတိုးပြောဆိုတတ်ကြ၏။
41:8 သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။ နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။
41:9 ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
41:10 အို ထာဝရဘုရား၊ ရန်သူတို့ကိုကလဲ့စားချေနိုင်ရန် ကျွန်တော်မျိုးအားသနားတော်မူ၍ ပြန်လည်ကျန်းမာစေတော်မူပါ။
41:11 ရန်သူတို့သည်ကျွန်တော်မျိုးအား အနိုင်ရစေတော်မမူမည်ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင် နှစ်သက်တော်မူကြောင်းကိုကျွန်တော်မျိုး သိရပါလိမ့်မည်။
41:12 ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်သူဖြစ် သဖြင့် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကူမတော်မူ၍ ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ်နေရခွင့်ကို ပေးတော်မူလိမ့်မည်။
41:13 ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။