Job 12
12:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
12:2 သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
12:3 သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သောအရာများကို အဘယ်သူသည် နားမလည်ဘဲ နေသနည်း။
12:4 ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှာ ဆုတောင်းပတ္ထနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ရယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုခြင်းကို ခံရပါသည်တကား။
12:5 ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက်ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
12:6 ဓားပြလုပ်သောသူတို့၏ နေရာသည် ကောင်းစားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
12:7 သားမျိုးနှင့် မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
12:8 မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
12:9 ဤအမှုတို့ကို ထာဝရဘုရား စီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တစ်ကောင်မျှ မသိဘဲနေသလော။
12:10 အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ ဇီဝအသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
12:11 ခံတွင်းသည် အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
12:12 အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။
12:13 ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သောအခွင့် ရှိတော်မူ၏။
12:14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသောအခွင့် မရှိ။ လူကိုချုပ်ထားတော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
12:15 ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တစ်ဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုးကြ၏။
12:16 တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
12:17 တိုင်ပင်မှူးမတ်တို့ကို ဖမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
12:18 ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
12:19 ယဇ်ပုရောဟိတ်တို့ကို ဖမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
12:20 နှုတ်သတ္တိရှိသောသူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှ ပညာကို နုတ်တော်မူ၏။
12:21 မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသောသူတို့ကို ရှုတ်ချတော်မူ၏။
12:22 မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဖော်တော်မူ၏။
12:23 တိုင်းနိုင်ငံတို့ကို ချီးမြှောက်၍ တစ်ဖန် ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှာလည်းကောင်း ကျဉ်းစေခြင်းငှာလည်းကောင်း ပြုတော်မူ၏။
12:24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနုတ်၍၊ လမ်းမရှိသောတော၌ လှည့်လည်စေတော်မူ၏။
12:25 သူတို့သည် အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက် သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။