Job 13
13:1 ထိုအမှုအရာအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍ နားလည်ပြီ။
13:2 သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။
13:3 အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့် ရှိပါစေသော။
13:4 သင်တို့သည် တစ်ယောက်မျှမကြွင်း၊ မုသားကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
13:5 သင်တို့သည် စကားတစ်ခွန်းကိုမျှ မပြောဘဲ တိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
13:6 ငါပြောမည် အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
13:7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသားကိုသုံးချင်သလော။
13:8 မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တစ်ဖက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။
13:9 သင်တို့ကို ကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
13:10 သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကိုထောက်လျှင်၊ စင်စစ် သင်တို့ကို ဆုံးမတော်မူမည်။
13:11 သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဖွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။
13:12 သင်တို့၏ နည်းဥပဒေသစကားသည် မြေမှုန့်ထက် သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
13:13 တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
13:14 သို့သော်လည်း ငါသည် ကိုယ်အသားကို ပါးစပ်နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက်လျက် ဆောင်သွားမည်။
13:15 ငါ့ကိုသတ်တော်မူ၍၊ ငါမျှော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
13:16 ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။
13:17 ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက်ထားချက်ကို နားထောင်ကြလော့။
13:18 ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
13:19 ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
13:20 ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။
13:21 လက်တော်ကို သိမ်းတော်မူပါ။ ကြောက်မက်ဖွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ခြောက်တော်မမူပါနှင့်။
13:22 ထိုအခါ ခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော် အမိန့်ရှိတော်မူပါ။
13:23 အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက် များပါသနည်း။ အကျွန်ုပ်ပြစ်မှားကျူးလွန်ခြင်း အပြစ်တို့ကို ကျွန်ုပ်အား ပြတော်မူပါ။
13:24 ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
13:25 လေတိုက်သော သစ်ရွက်ကို ခြောက်လှန့်တော်မူမည်လော။ မြက်ခြောက်ကိုမီအောင် လိုက်တော်မူမည်လော။
13:26 အကျွန်ုပ်၌ ပြင်းစွာ အပြစ်တင်သောစကားကို မှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ်တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
13:27 အကျွန်ုပ်ကို ထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာလမ်း ရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
13:28 ထိုသို့ခံရသောသူသည် ဆွေးမြေ့သော အရာကဲ့သို့လည်းကောင်း၊ ပိုးရွကိုက်စားသော အဝတ်ကဲ့သို့လည်းကောင်း အားလျော့ပျက်ရပါ၏။