Job 15
15:1 တစ်ဖန် တေမန်အမျိုးသားဧလိဖတ် မြွက်ဆိုသည်ကား၊
15:2 ပညာရှိသောသူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့် ပြည့်စေသင့်သလော။
15:3 အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သောစကားနှင့် ဆွေးနွေးသင့်သလော။
15:4 သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆုတောင်းပတ္ထနာပြုရာဝတ်ကို ဆီးတားတတ်၏။
15:5 သင်သည် ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဖော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။
15:6 ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တစ်ဖက်၌ သက်သေခံ၏။
15:7 သင်သည် အဦးဆုံးဖွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမီ သင့်ကိုဖန်ဆင်းသလော။
15:8 ဘုရားသခင်နှင့် တိတ်ဆိတ်စွာ တိုင်ပင်ဖူးသလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီလော။
15:9 ငါတို့မသိ၊ သင်သိသောအရာ မည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာ မည်မျှရှိသနည်း။
15:10 သင့်အဘထက် အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။
15:11 သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ ဝှက်ထားသောအမှု တစ်စုံတစ်ခုရှိသလော။
15:12 ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။
15:13 သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။
15:14 လူသည် အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
15:15 ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌ မစင်ကြယ်။
15:16 သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံရှာဖွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဖွယ်ရှိသနည်း။
15:17 ငါ့စကားကို နားထောင်လော့။ တစ်ပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတစ်မျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဖူးသောအရာ၊ ငါ့ကိုယ်တိုင် မြင်သောအရာကို ငါပြသမည်။
15:20 ဆိုးသောသူသည် တစ်သက်လုံး ဒုက္ခဆင်းရဲကိုခံရ၏။ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်းအခြားကို မသိရ။
15:21 သူသည် ကြောက်မက်ဖွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီးသောသူသည် လာတတ်၏။
15:22 မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မျှော်လင့်စရာမရှိ။ ဓားသည် သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
15:23 စားစရာကို ရှာ၍ လှည့်လည်ရ၏။ မိမိအဖို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။
15:24 ဆင်းရဲခြင်းဒုက္ခနှင့် နာကြည်းခြင်းဝေဒနာတို့သည် ထိုသူကို ခြောက်တတ်၏။ စစ်တိုက်ခြင်းငှာ အသင့်နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကိုနိုင်တတ်၏။
15:25 အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် တစ်ဖက်ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
15:26 လည်ပင်းကိုဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှာ ပြေး၏။
15:27 မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့်ဖုံးအုပ်၍၊ ဝမ်းပျဉ်းအသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
15:28 သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူမျှမနေ။ လဲလုသောအိမ်တို့၌ သူသည်နေရ၏။
15:29 ငွေမရတတ်ရ၊ သူ၏စည်းစိမ် မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွားရ။
15:30 သူသည် မှောင်မိုက်ဘေးနှင့် မလွတ်ရ။ မီးလျှံသည် သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင်ပယ်ရှင်းခြင်းကို ခံရ၏။
15:31 အဘယ်သူမျှ လှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။
15:32 အချိန်မစေ့မီ ဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏အခက်အလက်သည် မစိမ်းရာ။
15:33 စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သောအသီးကိုလည်းကောင်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကိုလည်းကောင်း ချွေရလိမ့်မည်။
15:34 အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏ နေရာသည် မီးလောင်လိမ့်မည်။
15:35 ထိုသူတို့သည် မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဖွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌ မုသားကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။