Job 16
16:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
16:2 ထိုသို့သောစကားများတို့ကို ငါကြားဖူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှာ ပြုသော်လည်း၊ ပင်ပန်းစေသောသူ ဖြစ်ကြပါသည်တကား။
16:3 အချည်းနှီးသောစကား မကုန်နိုင်သလော။ သင်သည် စကားတုံ့ပြန်ပြောခြင်းငှာ အဘယ်ကြောင့် ရဲရင့်သနည်း။
16:4 သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည် သင်တို့တစ်ဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
16:5 ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
16:6 ယခုမှာငါသည် ပြောသော်လည်း မသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
16:7 ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
16:8 ငါ့ကို ခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည် ငါ့တစ်ဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည်လည်း ငါ့တစ်ဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက်သေခံ၏။
16:9 အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို မျက်စောင်းထိုး၏။
16:10 သူတစ်ပါးတို့သည် ငါ့ကိုပါးစပ်ဟကြ၏။ အရှက်ခွဲ၍ ပါးကိုပုတ်ကြ၏။ ငါ့တစ်ဘက်က တညီတညွတ်တည်း စုဝေးကြ၏။
16:11 ဘုရားသခင်သည် ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏လက်သို့ အပ်တော်မူပြီ။
16:12 ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေခြင်းငှာ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော်မူ၏။
16:13 မြားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော်မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကို မြေပေါ်၌ သွန်းတော်မူ၏။
16:14 ငါ့ကို အထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
16:15 ငါသည် ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကိုချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။
16:16 ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက်ခမ်းအပေါ်မှာ သေခြင်းအရိပ် လွှမ်းမိုးလျက်ရှိ၏။
16:17 သို့သော်လည်း ငါ့လက်၌ မတရားသောအမှု မရှိ။ ငါပြုသောပတ္ထနာသည် သန့်ရှင်း၏။
16:18 အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
16:19 ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ်မှာရှိ၏။
16:20 ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
16:21 လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့် ရှိပါစေသော။
16:22 နှစ်ပေါင်းမကြာမမြင့်မီ တစ်ဖန်ပြန်၍ မလာရသောလမ်းသို့ ငါလိုက်သွားရတော့မည်။