Job 17
17:1 ငါ့အသက်ကုန်ပြီ။ ငါနေရသောကာလ လွန်ပြီ။ သင်္ချိုင်းသည် ငါ့အဖို့ဖြစ်၏။
17:2 ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည် မဟုတ်လော။ သူတို့နှောင့်ယှက်သော အခြင်းအရာတို့ကို အစဉ်ငါကြည့်မြင်ရသည် မဟုတ်လော။
17:3 အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ကတိသစ္စာထားမည်နည်း။
17:4 ကိုယ်တော်သည် သူတို့ဉာဏ်ကို ကွယ်စေတော်မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
17:5 အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှာ အဆွေခင်ပွန်းကိုအပ်၏။ ထိုသူ၏သားတို့သည် မျှော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။
17:6 ငါ့ကို သူတစ်ပါးကဲ့ရဲ့စရာအကြောင်း ဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံကြ၏။
17:7 ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိမှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။
17:8 ဖြောင့်မတ်သောသူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သောသူတို့သည် အဓမ္မလူများတစ်ဘက်က ကိုယ်ကိုကိုယ် နှိုးဆော်ကြလိမ့်မည်။
17:9 ဖြောင့်မတ်သောသူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွားခြင်း ရှိကြလိမ့်မည်။
17:10 သင်တို့မူကား တစ်ယောက်မျှမကြွင်း၊ ပြန်သွားကြပါတော့။ သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်ကိုမျှ ငါမတွေ့နိုင်။
17:11 ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံအစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
17:12 ညသည် ငါ၌နေ့ကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။
17:13 သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမျှော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။
17:14 ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ ဟူ၍လည်းကောင်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍လည်းကောင်း ငါဆိုရ၏။
17:15 သို့ဖြစ်၍ အဘယ်သို့ ငါမျှော်လင့်ရသနည်း။ ငါမျှော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။
17:16 ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။