Job 27
27:1 ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊
27:2 ငါ့ကို အမှုရှုံးစေတော်မူသောဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသောအနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည်မှန်လျှင်၊
27:3 ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊
27:4 တစ်ခါမျှ အဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသောစကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
27:5 သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့်ဝေးပါစေသော။ ငါသည် ကိုယ်သဘောဖြောင့်သည်ကို သေသည်တိုင်အောင် မငြင်း။
27:6 ငါသည် တရားသောအကျင့်ကို လက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
27:7 ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့လည်းကောင်း၊ ငါ့တစ်ဖက်၌ ထသောသူသည် မဖြောင့်မတ်သောသူကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
27:8 အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကို ဘုရားသခင်နုတ်တော်မူသောအခါ အဘယ်မျှော်လင့်စရာရှိသေးသနည်း။
27:9 ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
27:10 ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပတ္ထနာပြုလိမ့်မည်လော။
27:11 ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာတို့ကို ငါထိမ်ဝှက်၍မထား။
27:12 သင်တို့သည် ကိုယ်တိုင်သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
27:13 လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလာဘ်၊ ညှဉ်းဆဲတတ်သောသူသည် အနန္တတန်ခိုးရှင်၏ လက်တော်မှခံရသော အမွေဥစ္စာဟူမူကား၊
27:14 သူ၏သားသမီးများပြားသော်လည်း ဓားစာဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
27:15 သူ၌ကျန်ကြွင်းသောသူတို့ကို သေမင်းသင်္ဂြိုဟ်လိမ့်မည်။ သူ၏မုဆိုးမတို့သည် ငိုကြွေးခြင်းကို မပြုရကြ။
27:16 သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
27:17 ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သောသူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသောသူသည် ဝေငှလိမ့်မည်။
27:18 သူဆောက်သော အိမ်သည် ပိုးရွအိမ်ကဲ့သို့လည်းကောင်း၊ ကင်းတဲကဲ့သို့လည်းကောင်း ဖြစ်၏။
27:19 ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတစ်မှိတ်၌ ဆုံးရှုံးပြီ။
27:20 ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညအခါ မိုးသက်မုန်တိုင်း တိုက်သွားတတ်၏။
27:21 အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
27:22 ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှာ အလိုရှိလိမ့်မည်။
27:23 လူတို့သည် လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်းကြလိမ့်မည်။