Job 28
28:1 ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
28:2 သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကိုချက်၍ ကြေးနီကို ရတတ်၏။
28:3 လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်လည်းကောင်း မှောင်မိုက်ကျောက်၊ သေမင်းအရိပ်တိုင်အောင်လည်းကောင်း လိုက်၍စစ်တတ်၏။
28:4 တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကိုမထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
28:5 မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
28:6 သူ၏ကျောက်တို့သည် ကျောက်နီ နေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
28:7 အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင်သေးသောလမ်းရှိ၏။
28:8 ထိုလမ်းကို သားရဲမနင်း၊ ခြင်္သေ့မလျှောက်သေး။
28:9 လူသည်ကျောက်ပေါ်မှာ လက်တင်၍၊ တောင်တို့ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
28:10 ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင်တတ်၏။
28:11 စီးသောရေကို တစ်ဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဖော်တတ်၏။
28:12 သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဉာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
28:13 ဉာဏ်ပညာအဖိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။
28:14 နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။
28:15 ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဖိုးကို မမီနိုင်။
28:16 ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
28:17 ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖလှယ်၍မရနိုင်။
28:18 သန္တာနှင့်ပုလဲကို ပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးကြီး၏။
28:19 ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။
28:20 သို့ဖြစ်၍၊ ပညာသည် အဘယ်ကလာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
28:21 အသက်ရှင်သော သတ္တဝါတစ်စုံတစ်ယောက်မျှ ကြည့်၍မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့သည် ရှာ၍မတွေ့နိုင်။
28:22 အဗဒ္ဒုန်မင်းနှင့် သေမင်းတို့က၊ ပညာ၏သတင်းကို နားနှင့်ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
28:23 ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
28:24 ပညာနေရာအရပ်ကို သိတော်မူ၏။
28:25 လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီးစွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှတို့ကို မြင်တော်မူ၏။
28:26 မိုးရွာမှုကိုစီရင်၍၊ မိုးကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊
28:27 ပညာကိုမြင်၍ ဖော်ပြတော်မူ၏။ ပညာတရားကိုထား၍ စုံစမ်းတော်မူ၏။
28:28 လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။