Psalms 107
107:1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
107:2 ရန်သူ၏လက်မှ ထာဝရဘုရားနုတ်၍ အရှေ့အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။
107:4 သူတို့သည် တောတွင်း လူဆိတ်ညံရာအရပ်၌လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။
107:5 ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။
107:6 ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နုတ်တော်မူ၏။
107:7 သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
107:8 လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
107:9 အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သောဝိညာဉ်ကိုလည်း၊ ကောင်းသောအရာနှင့် ဝစေတော်မူ၏။
107:10 ထိုသူတို့သည် ဘုရားသခင်၏အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသောဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊ မှောင်မိုက်၊ သေမင်းအရိပ်၌ထိုင်လျက်၊ ဒုက္ခနှင့်လည်းကောင်း၊ သံကြိုးနှင့်လည်းကောင်း ချည်နှောင်လျက် နေရကြ၏။
107:12 ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့စိတ်ကို နှိမ့်ချတော်မူ၏။ သူတို့သည်လဲ၍ ထောက်မသောသူမရှိဘဲ၊
107:13 ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကိုအော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
107:14 မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ်ဆောင်၍ သူတို့ချည်နှောင်ခြင်းကို ဖြေတော်မူ၏။
107:15 လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။
107:16 အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကိုချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
107:17 မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ၏။
107:18 စားစရာအမျိုးမျိုးကိုရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။
107:19 ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
107:20 နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။
107:21 လူသားတို့၌ ပြုတော်မူသောကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
107:22 ကျေးဇူးတော် ဝန်ခံရာယဇ်ကိုပူဇော်၍၊ ရွှင်လန်းသောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။
107:23 သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍၊ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည်၊
107:24 နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့်၊ အံ့ဖွယ်သော အမှုတော်တို့ကို မြင်ရကြ၏။
107:25 အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။
107:26 မိုးကောင်းကင်တိုင်အောင် တက်လျက်၊ နက်နဲရာထဲသို့ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။
107:27 တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြုပ်ခြင်း ရှိကြ၏။
107:28 ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။
107:29 လေပြင်းကိုပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။
107:30 ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏။
107:31 လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
107:32 လူပရိသတ်၏အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
107:33 မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှာလည်းကောင်း၊ စမ်းရေထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။
107:34 မြေကောင်းသောပြည်ကို ပြည်သူပြည်သားတို့၏အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
107:35 တစ်ဖန် လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှာလည်းကောင်း၊ သွေ့ခြောက်သောအရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။
107:36 ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာချတော်မူ၍၊ သူတို့သည် မိမိနေစရာဖို့ မြို့ကိုတည်ကြ၏။
107:37 လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုးလျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။
107:38 ကောင်းချီးပေးတော်မူ၍၊ သူတို့သည် အလွန်ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော်မမူ။
107:39 တစ်ဖန် သူတို့သည်လျော့၍ ညှဉ်းဆဲခြင်း၊ ငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။
107:40 မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။
107:41 ဆင်းရဲသောသူကိုလည်း ဒုက္ခမှထမြောက်စေ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
107:42 ဖြောင့်မတ်သောသူတို့သည်မြင်၍၊ ဝမ်းမြောက်ကြ၏။ ခပ်သိမ်းသောဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။
107:43 အကြင်သူသည် ပညာရှိ၏၊ ထိုသူသည် ဤအမှုအရာတို့ကိုဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာကျေးဇူးတော်ကို နားလည်လိမ့်မည်။