Psalms 108
108:1 အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်းထောမနာပြုပါမည်။
108:2 တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။
108:3 အို ထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်း ဆိုပါမည်။
108:4 အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။
108:5 အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။
108:6 ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ယာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
108:7 သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကိုတိုင်းထွာမည်။
108:8 ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏အစွမ်းဖြစ်ရ၏။ ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။
108:9 မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။
108:10 အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြမည်နည်း။
108:11 အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
108:12 ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှာ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှာ မတတ်နိုင်ကြပါ။
108:13 ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာပြုကြမည်။ ငါတို့၏ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။