Psalms 137
137:1 ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကိုအောက်မေ့လျက် ငိုကြွေးကြ၏။
137:2 ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုးမခပင်တို့၌ ဆွဲထားကြ၏။
137:3 အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဖမ်းသွားချုပ်ထားသောသူနှင့်၊ ငါတို့ကို ညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အားဆိုကြလော့ဟု၊ သီချင်းဆိုသံကိုလည်းကောင်း၊ ရွှင်လန်းသောအသံကိုလည်းကောင်း ငါတို့၌ တောင်းကြပါသည်တကား။
137:4 တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။
137:5 အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ယာလက်သည် မိမိအတတ်ကိုမေ့ပါစေ။
137:6 သင့်ကို ငါမအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။
137:7 အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
137:8 ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည် ငါတို့၌ပြုသည်အတိုင်း၊ သင်၌ အပြစ်ကို ဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။
137:9 သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာဆောင့်သောသူသည် မင်္ဂလာရှိ၏။