Psalms 47
47:1 လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြလော့။
47:2 အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဖွယ်သောဘုရား၊ မြေကြီးတစ်ပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။
47:3 လူစုတို့ကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌လည်းကောင်း နှိမ့်ချတော်မူ၏။
47:4 ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဖို့ ရွေးပေးတော်မူ၏။
47:5 ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။
47:6 ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။
47:7 အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တစ်ပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာသီချင်းကို ဆိုကြလော့။
47:8 ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
47:9 လူမျိုးတို့၏အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက်ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရားသခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။