Psalms 48
48:1 ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏မြို့တော်တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။
48:2 မြေကြီးတစ်ပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင်ထိပ်သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။
48:3 ထိုမြို့၏ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံရသည်ကို သိရ၏။
48:4 ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူလျှောက်သွားကြ၏။
48:5 မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။
48:6 ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ရောက်၍ သားဖွားသောမိန်းမခံရသကဲ့သို့ ဝေဒနာရှိကြ၏။
48:7 တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။
48:8 ငါတို့သည် ကြားဖူးသည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏မြို့တော်၌ တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲ တည်စေတော်မူမည်။
48:9 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။
48:10 အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်းတိုင်အောင်နှံ့ပြားသည်နည်းတူ၊ ဂုဏ်အသရေတော်လည်း နှံ့ပြားလျက်ရှိ၏။ လက်ယာလက်တော်သည် ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။
48:11 တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည်ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။
48:12 သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်မြို့ကို ပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။
48:13 ရင်တားတို့ကိုမှတ်၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။
48:14 အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတ္တံ့သတည်း။