Proverbs 8
8:1 ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။
8:2 မြင့်သောအရပ်ထိပ်၌လည်းကောင်း၊ လမ်းခရီးအနား၌လည်းကောင်း ရပ်နေ၏။
8:3 ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာကြွေးကြော်၍၊
8:4 အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကိုငါလွှင့်၏။
8:5 ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။
8:6 နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။
8:7 ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။
8:8 ငါဟောပြောသမျှသော စကားတို့သည်ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။
8:9 နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။
8:10 ငွေအရင်၊ ငါ့နည်းကိုလည်းကောင်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကိုလည်းကောင်း ခံယူကြလော့။
8:11 အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
8:12 ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံအတတ်များကိုဖော်တတ်၏။
8:13 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။
8:14 အကြံပေးနိုင်သောအခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
8:15 ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသောအခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသောအခွင့် ရှိကြ၏။
8:16 ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီးအပေါင်းတို့သည် အစိုးရသောအခွင့်ရှိကြ၏။
8:17 ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
8:18 ငါ၌စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။
8:19 ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာ သည် ငွေတော်ထက်သာ၍မြတ်၏။
8:20 ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ လျှောက်သွားသည်ဖြစ်၍၊
8:21 ငါ့ကိုချစ်သောသူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက် ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
8:22 ထာဝရဘုရားသည် ရှေးအမှုတော်ကိုမပြုမီ ထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။
8:23 မြေကြီးမဖြစ်မီ၊ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
8:24 နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။
8:25 တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊
8:26 မြေကြီးနှင့် လယ်တောများကိုမဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမီ၊ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။
8:27 မိုးကောင်းကင်ကို ပြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာပြင်ကို သတ်မှတ်သောအမှု၊
8:28 အထက်မိုးတိမ်ကို တည်စေသောအမှု၊ နက်နဲသောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
8:29 သမုဒ္ဒရာ၌ ကန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကိုပြီးစီးစေတော်မူသောအခါ၊
8:30 ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်ကစားလျက်၊
8:31 ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။
8:32 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
8:33 ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
8:34 ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှမျှော်လင့်လျက်နေသော သူသည် မင်္ဂလာရှိ၏။
8:35 ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။
8:36 ငါ့ကိုပြစ်မှားသောသူမူကား၊ မိမိအသက်ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။