Proverbs 9
9:1 ဉာဏ်ပညာသည် အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
9:2 သူ၏အကောင်များကို သတ်၍၊ စပျစ်ရည်ကို ဖော်ပြီးမှ စားပွဲကို ခင်းလေပြီ။
9:3 ကျွန်မတို့ကို စေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသောအရပ်တို့၌ ကြွေးကြော်လေသည်ကား၊
9:4 ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အို ပညာမရှိသောသူ၊
9:5 လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဖော်သော စပျစ်ရည်ကို သောက်လော့။
9:6 မိုက်သောသူကို ရှောင်၍ အသက်ချမ်းသာရလော့။ ပညာလမ်းသို့ လိုက်လော့ဟု ဆိုသတည်း။
9:7 မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကို အပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။
9:8 မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်။ သင့်ကိုမုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကိုချစ်လိမ့်မည်။
9:9 ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။
9:10 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။
9:11 အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်။
9:12 သင်သည် ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင်ပြုလျှင် ကိုယ်တိုင်သာအပြစ်ကိုခံရလိမ့်မည်။
9:13 မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။
9:14 မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာထိုင်လျက်၊
9:15 လမ်း၌တည့်တည့် ခရီးသွားသောသူတို့ကိုခေါ်၍၊
9:16 ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အို ပညာမရှိသောသူ၊
9:17 ခိုးသောရေသည်ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်းမြိန်သည်ဟု ဆိုတတ်၏။
9:18 ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်းကို ထိုယောက်ျားသည် မသိမမှတ်။