Leviticus 18
18:1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
18:3 သင်တို့နေဖူးသော အဲဂုတ္တုပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့ကို ငါပို့ဆောင်လတ္တံ့သော ခါနာန်ပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့သည်မကျင့်၊ သူတို့တရားလမ်းသို့ မလိုက်ရကြ။
18:4 ငါစီရင်ချက်ရှိသည်အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှာ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
18:5 ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
18:6 သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဖော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
18:7 သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကို မချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသမပြုရ။
18:8 ကိုယ်အဘ၏မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာ ဆိုင်၏။
18:9 တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။
18:10 ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။
18:11 အမိခြားသော်လည်း တစ်ဘတည်းဖြစ်သော နှမကိုမချဉ်းရ။
18:12 သင့်အဘ၏ပေါက်ဖော်ရင်းဖြစ်သော အဘ၏နှမကိုလည်းကောင်း၊
18:13 သင့်အမိ၏ပေါက်ဖော်ရင်းဖြစ်သော အမိ၏ညီအစ်မကိုလည်းကောင်း၊
18:14 အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကိုလည်းကောင်း၊
18:15 သား၏မယားတည်းဟူသော ချွေးမကိုလည်းကောင်း၊
18:16 ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကိုလည်းကောင်း မချဉ်းရ။
18:17 ကိုယ်မယား၏ပေါက်ဖော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။
18:18 ကိုယ်မယားကိုနှောင့်ယှက်ခြင်းငှာ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။
18:19 ဥတုရောက်၍ မစင်ကြယ်သောမိန်းမကိုလည်း မချဉ်းရ။
18:20 ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။
18:21 သင်၏သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့်မပူဇော်ရ။ သင်၏ဘုရားသခင်နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
18:22 မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။
18:23 ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။
18:24 ထိုသို့သောအမှုအားဖြင့် ကိုယ်ကိုကိုယ်မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည်၊ ထိုသို့သောအမှုကိုပြု၍ ညစ်ညူးကြ၏။
18:25 သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။
18:26 သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တစ်ဖန်ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှာ၊ ကိုယ်အမျိုးသားဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို မပြုရ။ သင်တို့ရှေ့၌ရှိသောပြည်သားတို့သည် ထိုသို့သောရွံရှာဖွယ်အမှုတို့ကို ပြုသောအားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။
18:29 ထိုသို့သောရွံရှာဖွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းခံရမည်။
18:30 သို့ဖြစ်၍ သင်တို့ရှေ့၌ပြုဖူးသော ထိုရွံရှာဖွယ်ထုံးစံဓလေ့သို့ သင်တို့သည်လိုက်၍၊ ကိုယ်ကိုကိုယ်မညစ်ညူးစေခြင်းငှာ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။