Leviticus 19
19:1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။
19:3 လူတိုင်း ကိုယ်မိဘကိုရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
19:4 ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဖို့ သွန်းသောဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
19:5 မိတ်သဟာယယဇ်ကို ထာဝရဘုရားအားပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။
19:6 ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌ စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။
19:7 သန်ဘက်နေ့၌ အနည်းငယ်ကိုမျှစားလျှင် ရွံရှာဖွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။
19:8 စားသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကိုခံရမည်။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
19:9 ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။
19:10 ကိုယ်စပျစ်သီးကိုလည်း အကုန်အစင်မသိမ်းရ။ ကျန်ကြွင်းသောအသီးကို ပြန်၍မဆွတ်ရ။ ထိုအသီးကိုဆင်းရဲသောသူ ဧည့်သည်အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
19:11 သူ့ဥစ္စာကို မခိုးရ။ သူတစ်ပါးကို မလှည့်စားရ။ တစ်ယောက်ကိုတစ်ယောက် မုသားစကားမပြောရ။
19:12 ငါ့နာမကိုတိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကိုမပြုရ။ သင်၏ဘုရားသခင်နာမကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
19:13 ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကို မတရားသဖြင့်မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှားခံထိုက်သောအခကို တစ်ညလုံးနံနက်တိုင်အောင် မထားရ။
19:14 နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာကို မထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:15 တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကိုမထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်။
19:16 သူ့အသရေပျက်သော သတင်းကိုကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။
19:17 သင်၏ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သောသူ၌ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။
19:18 သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:19 ငါ၏ပညတ်တရားကို သင်တို့သည်စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန်အထီးအမတို့ကို မယှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကိုရောနှော၍ လယ်၌မကြဲရ။ ဝါနှင့် သိုးမွေးရော၍ရက်သောအဝတ်ကို မဝတ်ရ။
19:20 ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက်ခြင်းကိုခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့်လွတ်ရမည်။
19:21 ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖို့ သိုးထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။
19:22 ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှာ၊ ဒုစရိုက်ဖြေရာယဇ်သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။
19:23 သင်တို့သည် ငါပေးသောပြည်သို့ရောက်၍၊ စားအပ်သောအပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ်လုံးသီးသောအသီးကို၊ အရေဖျားလှီးခြင်းကို မခံသောအသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။
19:24 စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည်သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းဖို့ရာ ဖြစ်ရမည်။
19:25 ပဥ္စမနှစ်တွင် သီးသောအသီးကိုစားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
19:26 အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကိုမပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
19:27 ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။
19:28 သေသောသူအတွက် ကိုယ်အသားကိုမခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
19:29 ကိုယ်သမီးကို ပြည့်တန်ဆာဖြစ်စေခြင်းငှာ မရှုတ်မချရ။ သို့ပြုလျှင် တစ်ပြည်လုံးသည် မတရားသောမေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့်ပြည့်လိမ့်မည်။
19:30 ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19:31 ကိုယ်ကိုကိုယ်ညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
19:32 ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။
19:33 သင်၏ပြည်၌ တည်းနေသောဧည့်သည်ကို မညှဉ်းဆဲရ။
19:34 သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
19:35 တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာမပြုရ။
19:36 မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
19:37 သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။