Leviticus 8
8:1 တစ်ဖန် ထာဝရဘုရားက၊
8:2 သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာယဇ်ဖို့နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူ၍၊
8:3 ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
8:4 မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
8:5 မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
8:6 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကိုခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊
8:7 အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်းခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။
8:8 ရင်ဖုံးကိုလည်းဆင်စေ၍၊ ရင်ဖုံးအထဲ၌ ဥရိမ်နှင့်သုမိမ်ကို သွင်းထားလေ၏။
8:9 သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ သန့်ရှင်းသောရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌တပ်လေ၏။
8:10 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှကိုလိမ်းသဖြင့် သန့်ရှင်းစေ၏။
8:11 ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာခုနစ်ကြိမ်ဖျန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် ခြေထောက်ကိုလည်းကောင်း၊ သန့်ရှင်စေခြင်းငှာလိမ်းလေ၏။
8:12 လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာလောင်း၍ သူ့ကိုသန့်ရှင်းစေခြင်းငှာ လိမ်းလေ၏။
8:13 အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလျက်၊ ဦးထုပ်ကိုဆောင်းစေလေ၏။
8:14 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဖို့ နွားထီးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်ကြ၏။
8:15 နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည်ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ထည့်သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။
8:16 အအူကိုဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။
8:17 အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာရှို့ရ၏။
8:18 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်းဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ကြ၏။
8:19 သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းလေ၏။
8:20 သိုးကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတစ်များနှင့်ဆီဥကို မီးရှို့လေ၏။
8:21 ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကိုဆေးကြော၍၊ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ မွှေးကြိုင်ရာဖို့ မီးရှို့သောယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာဖြစ်သတည်း။
8:22 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ခန့်ထားရာသိုးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကိုသိုးခေါင်းပေါ်မှာ တင်ကြ၏။
8:23 သိုးကိုသတ်ပြီးမှ၊ မောရှေသည်အသွေးကိုယူ၍၊ အာရုန်၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်လေ၏။
8:24 အာရုန်၏သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက်ယာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းလေ၏။
8:25 ဆီဥ၊ အမြီး၊ အအူကိုဖုံးသောဆီဥ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ယာပခုံး၊
8:26 ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက တဆေးမဲ့မုန့်တစ်လုံး၊ ဆီနှင့်လုပ်သောမုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့် လက်ယာပခုံးပေါ်မှာထည့်ပြီးလျှင်၊
8:27 အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။
8:28 ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင်သောအနံ့ရှိ၍ အရာ၌ခန့်ထားရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာဖြစ်သတည်း။
8:29 ထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ အရာ၌ခန့်ထားရာသိုး၏ ရင်ပတ်သည် မောရှေ၏အဖို့ ဖြစ်သတည်း။
8:30 တစ်ဖန် ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏အဝတ်၌လည်းကောင်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌လည်းကောင်းဖျန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေလေ၏။
8:31 မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏အသားကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကိုစားရကြမည်ဟု ငါ့အားမှာထားတော်မူသည်အတိုင်း၊ ထိုအသားကိုလည်းကောင်း၊ အရာ၌ခန့်ထားရာ မုန့်တောင်း၌ရှိသောမုန့်ကိုလည်းကောင်း၊ ထိုအရပ်၌ စားကြလော့။
8:32 ကျန်ကြွင်းသောအသားနှင့် မုန့်ကိုမီးရှို့ရမည်။
8:33 သင်တို့ကို အရာ၌ခန့်ထားရာ ကာလခုနစ်ရက်မစေ့မီ ပရိသတ်စည်းဝေးရာ တဲတော်တံခါးပြင်သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ခန့်ထားခြင်းမင်္ဂလာကို ဆောင်ရကြမည်။
8:34 ယနေ့ပြုသည်အတိုင်း သင်တို့အဖို့ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း ထာဝရဘုရားမှာထားတော်မူပြီ။
8:35 ထိုကြောင့် သင်တို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ၊ ခုနစ်ရက်ပတ်လုံးနေ့ညမပြတ်နေ၍၊ ထာဝရဘုရားအမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊
8:36 မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။