Leviticus 9
9:1 အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလအမျိုး အသက်ကြီးသူများတို့ကိုခေါ်၍၊
9:2 အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဖို့ အပြစ်မပါသော နွားသငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးထီးတစ်ကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ပူဇော်လော့။
9:3 ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါအခါလည်သော နွားသငယ်တစ်ကောင်၊ သိုးသငယ်တစ်ကောင်၊
9:4 ထာဝရဘုရားရှေ့တော်၌ ပူဇော်သောမိတ်သဟာယယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အားထင်ရှားတော်မူမည်ကို ပြောလော့ဟုဆိုလေ၏။
9:5 မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ်အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။
9:6 မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ဘုန်းတော်သည် သင်တို့အားထင်ရှားမည်ဟူ၍လည်းကောင်း၊
9:7 အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍လည်းကောင်းဆိုလေ၏။
9:8 အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားသငယ်ကို သတ်လေ၏။
9:9 သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။
9:10 အပြစ်ဖြေရာယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသောအမြှေးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။
9:11 အသားနှင့်အရေကို တပ်ပြင်မှာမီးရှို့လေ၏။
9:12 မီးရှို့ရာယဇ်ကောင်ကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းလေ၏။
9:13 သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။
9:14 ဝမ်းထဲ၌ရှိသောအရာများနှင့် ခြေတို့ကိုဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။
9:15 လူများပူဇော်သကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက်ပူဇော်လေ၏။
9:16 မီးရှို့ရာယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။
9:17 ဘောဇဉ်ပူဇော်သကာကိုလည်း ဆောင်ခဲ့ပြီးလျှင်၊ တစ်လက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။
9:18 လူများအတွက် မိတ်သဟာယယဇ်နွားထီး၊ သိုးထီးကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကိုဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းလေ၏။
9:19 အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊
9:20 ရင်ပတ်ပေါ်မှာတင်၍ ယဇ်ပလ္လင်၌မီးရှို့လေ၏။
9:21 ရင်ပတ်နှင့်လက်ယာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကိုပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။
9:22 အာရုန်သည် မိမိလက်ကို လူများရှေ့သို့ချီလျက်၊ ကောင်းချီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရာမှဆင်းလေ၏။
9:23 တစ်ဖန် မောရှေနှင့်အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍ ထွက်ပြီးမှ၊ လူများကိုကောင်းချီးပေးသဖြင့်၊ ထာဝရဘုရား၏ဘုန်းတော်သည် လူများတို့အားထင်ရှားလေ၏။
9:24 ထာဝရဘုရားထံတော်မှမီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည်မြင်သောအခါ ကြွေးကြော်၍ပျပ်ဝပ်ကြ၏။