Numbers 4
4:1 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
4:2 လေဝိအမျိုး၊ ကောဟတ်အနွယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
4:4 အလွန်သန့်ရှင်းသောအရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက်ရသောအမှုဟူမူကား၊
4:5 တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကို အုပ်ရမည်။
4:6 ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကိုခင်းပြီးမှ၊ ထမ်းပိုးတို့ကိုလျှိုထားရမည်။
4:7 ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသောမုန့်ကိုတင်ပြီးမှ၊
4:8 ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တစ်ဖန် တဟာရှသားရေနှင့်အုပ်ပြန်၍ ထမ်းပိုးတို့ကိုလျှိုထားရမည်။
4:9 မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့်အုပ်ပြီးမှ၊
4:10 ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ်ထဲ၌သွင်းထား၍၊ ထမ်းပိုးကိုတပ်ရမည်။
4:11 ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းပိုးတို့ကိုလျှိုထားရမည်။
4:12 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့်အုပ်ပြီးမှ ထမ်းပိုးကိုတပ်ရမည်။
4:13 ယဇ်ပလ္လင်မှပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊
4:14 ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသောလင်ပန်း၊ အမဲသားချိတ်၊ တူးရွင်းပြား၊ အင်တုံအစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့်အုပ်ပြီးမှ ထမ်းပိုးတို့ကိုလျှိုထားရမည်။
4:15 ထိုသို့တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟတ်သားတို့သည် ထမ်းခြင်းငှာချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း သန့်ရှင်းသောအရာကိုမကိုင်ရ၊ ဤရွေ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ ဆောင်ရွက်ရသောအမှုပေတည်း။
4:16 ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာ၏အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီးထွန်းစရာ မီးရှို့ရာနံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်းဆက်ကပ်ရသော ဘောဇဉ်ပူဇော်သကာ၊ လိမ်းရန်ဆီ အစရှိသောတဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရမည်။
4:17 တစ်ဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
4:18 ကောဟတ်အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။
4:19 သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည်ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးအသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကိုခွဲခန့်ရမည်။
4:20 သို့ရာတွင် သန့်ရှင်းသောအရာတို့ကိုဖုံးအုပ်စဉ်အခါ ကောဟတ်သားတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ အထဲသို့ဝင်၍မကြည့်ရဟု မိန့်တော်မူ၏။
4:21 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
4:22 ဂေရရှုန်အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ခြင်းငှာ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
4:24 ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊
4:25 အတွင်းတဲတော်ကုလားကာ၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးဝ၌ကာသောကုလားကာ၊
4:26 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိသည်တို့ကိုလည်းကောင်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။
4:27 ဂေရရှုန်သားများအမှုစောင့်လေရာရာ၊ ဝန်ထမ်းလေရာရာ၌၊ အာရုန်နှင့်သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။
4:28 ဤရွေ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသောအမှုပေတည်း။ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာသည် သူတို့ကိုအုပ်ရမည်။
4:29 မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
4:31 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော်ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊
4:32 ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကိုလည်းကောင်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။ သူတို့ထမ်းရွက်ရသောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။
4:33 ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်၍၊ ပရိသတ်အစည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။
4:34 မောရှေနှင့်အာရုန် အစရှိသောပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသတည်း။
4:37 ဤသူတို့သည်မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေအမျိုးသားပေတည်း။
4:38 ဂေရရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား နှစ်ထောင်ခြောက်ရာသုံးဆယ်ရှိသတည်း။
4:41 ဤသူတို့သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်နေရသော ဂေရရှုန်အဆွေအမျိုးသားပေတည်း။
4:42 မေရာရိသားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား သုံးထောင်နှစ်ရာ ရှိသတည်း။
4:45 ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။
4:46 ထိုသို့နှင့်အညီ၊ လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုတော်ကိုစောင့်၍ ဝန်များကိုထမ်းခြင်းငှာ ဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့်အာရုန် အစရှိသောဣသရေလအမျိုး သူကြီးတို့သည်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား ရှစ်ထောင်ငါးရာရှစ်ဆယ် ရှိသတည်း။
4:49 မောရှေ၌ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးအသီးစောင့်ရသောအမှု၊ အသီးအသီးထမ်းရသောဝန်တို့ကို ထောက်၍ မောရှေရေတွက်သတည်း။