Numbers 3
3:1 ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
3:2 အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
3:3 ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ ဆီလောင်းခြင်းဘိသိက်ကိုပေး၍ အရာ၌ခန့်ထားသော အာရုန်၏သားဖြစ်ကြသတည်း။
3:4 နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
3:5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
3:6 သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်ထံ၌နေရာချလော့။
3:7 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
3:8 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
3:9 လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။
3:10 အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတစ်ပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
3:11 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
3:12 ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် လေဝိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရကြမည်။
3:13 အကြောင်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါ့အဖို့ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရ၏။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
3:14 တစ်ဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအားမိန့်တော်မူသည်ကား၊
3:15 လေဝိသားတို့တွင် အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်လော့ဟု၊
3:16 မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။
3:17 လေဝိသားတို့၏နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
3:18 မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏နာမည်ကား လိဗနိနှင့်ရှိမိတည်း။
3:19 မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
3:20 မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏နာမည်ကား မဟာလိနှင့်မုရှိတည်း၊၊ ဤသူတို့သည် မိမိဘိုးဘအမျိုးအလိုက်ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။
3:21 ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန်အမျိုးအနွယ်ဖြစ်ကြ၏၊
3:22 ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင်ငါးရာ ရှိသတည်း။
3:23 ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မက်နှာ၌ နေရာချရမည်။
3:24 ဂေရရှုန်အဆွေအမျိုး သူကြီးကား၊ လေလသားဧလျာသပ်တည်း။
3:25 ဂေရရှုန်သားတို့အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်၊ အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ကာသောကုလားကာ၊
3:26 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
3:27 ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
3:28 တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်ထောင်ခြောက်ရာရှိသတည်း။
3:29 ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော်တောင်မျက်နှာ၌ နေရာချရမည်။
3:30 ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလသား ဧလိဇာဖန်တည်း။
3:31 သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
3:32 ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာသည် လေဝိအဆွေအမျိုးသူကြီးတို့ကို အုပ်၍ တဲတော်စောင့်သောသူတို့ကို ကြည့်ရှုစီရင်ရမည်။
3:33 မေရာရိမှဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိအမျိုးအနွယ်ဖြစ်ကြ၏။
3:34 ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်နှစ်ရာ ရှိသတည်း။
3:35 မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။
3:36 မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကိုလည်းကောင်း၊ ဝင်းတိုင်များ၊
3:37 ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရကြမည်။
3:38 မောရှေနှင့် အာရုန်မှစ၍ အာရုန်၏သားတို့သည် ဣသရေလအမျိုးသားတို့အဖို့၊ သန့်ရှင်းရာဌာနတော်ကိုစောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော်အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတစ်ပါး၊ အခြားသောသူသည်ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်။
3:39 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
3:40 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက်တစ်လကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
3:41 ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်း၊ ငါ့အဖို့ယူလော့။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု၊
3:42 မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကိုရေတွက်၍၊
3:43 အသက်တစ်လကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်းနှစ်ထောင်နှစ်ရာခုနစ်ဆယ်သုံးယောက် ရှိသတည်း။
3:44 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
3:45 ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်းယူလော့။ လေဝိသားတို့သည် ငါ၏လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
3:46 လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုးသားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှုမှာ၊
3:47 အကျပ်တော်အလိုက် လူတစ်ကိုယ်လျှင်ငါးကျပ်စီခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
3:48 ပိုသောသူတို့ပေးရသောအရွေးငွေကို၊ အာရုန်နှင့် သူ၏သားတို့အားပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊
3:49 လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ကိုရွေး၍ ပိုသေးသော သားဦးတို့၏အရွေးငွေကို၊
3:50 မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တစ်ဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူပြီးလျှင်၊
3:51 ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။