John 2
2:1 သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။-
2:2 ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။-
2:3 စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။-
2:4 ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။-
2:5 မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။-
2:6 ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။-
2:7 ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။-
2:8 ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။-
2:9 ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊-
2:10 အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။-
2:11 ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
2:12 ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊
2:13 ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-
2:14 ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသော သူတို့ကိုလည်းကောင်း၊ ပွဲစားများ ထိုင်လျက်ရှိသည်ကိုလည်းကောင်း တွေ့တော်မူလျှင်၊-
2:15 ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊-
2:16 ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။-
2:17 ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။
2:18 ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။-
2:19 ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။-
2:20 ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။-
2:21 ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။-
2:22 ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့်၊ ကျမ်းစာကိုလည်းကောင်း၊ ယေရှု၏ နှုတ်ကပတ်တော်ကိုလည်းကောင်း ယုံကြ၏။
2:23 ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။-
2:24 သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။-
2:25 လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။