John 3
3:1 ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတစ်ယောက်သည်၊-
3:2 ညအခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊-
3:3 ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။-
3:4 နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။-
3:5 ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။-
3:6 ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။-
3:7 ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။-
3:8 လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
3:9 နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊-
3:10 တစ်ဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။-
3:11 ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။-
3:12 မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။-
3:13 ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။-
3:14 မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။-
3:15 အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။-
3:16 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။-
3:17 လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။-
3:18 သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။-
3:19 အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။-
3:20 ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကိုမထင်ရှားစေခြင်းငှာ အလင်းသို့ မချဉ်းကပ်ကြ။-
3:21 သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
3:22 ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။-
3:23 ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။-
3:24 ယောဟန်သည် ထောင်ထဲသို့မရောက်သေး။
3:25 ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့် ဆွေးနွေးငြင်းခုံခြင်းရှိကြသဖြင့်၊-
3:26 ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တစ်ဖက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊-
3:27 ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှ မခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။-
3:28 ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။-
3:29 မင်္ဂလာဆောင်သတို့သမီးကို ရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။-
3:30 ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။
3:31 အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွတ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသောသူသည် အလုံးစုံတို့၏အထွတ်ဖြစ်တော်မူ၏။-
3:32 မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ၊-
3:33 သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။-
3:34 ဘုရားသခင် စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏။-
3:35 ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ။ -
3:36 သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။