Genesis 1
1:1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင် နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။
1:2 မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏။
1:3 ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
1:4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။
1:5 အလင်းကို နေ့ဟူသောအမည်ဖြင့်လည်းကောင်း၊ မှောင်မိုက်ကို ညဟူသောအ မည်ဖြင့်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဥ့်ဦးနှင့် နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။
1:6 တစ်ဖန်ဘုရားသခင်က ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ၊ ရေနှင့် ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊
1:7 မိုးမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။
1:8 မိုးမျက်နှာကြက်ကိုလည်း မိုးကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဥ့်ဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
1:9 တစ်ဖန်ဘုရားသခင်က၊ မိုးကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
1:10 ကုန်းကိုမြေဟူသောအမည်ဖြင့်လည်းကောင်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်လည်းကောင်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
1:11 တစ်ဖန်ဘုရားသခင်က၊ မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
1:12 မြေသည်မြက်ပင်ကိုလည်းကောင်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။
1:13 ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဥ့်ဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
1:14 တစ်ဖန်ဘုရားသခင်က၊ နေ့နှင့် ညကို ပိုင်းခြားစေခြင်းငှာ မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ။ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဖို့ဖြစ်စေ။
1:15 မိုးကောင်းကင်မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။
1:16 ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော၊ နေ့ကိုအုပ်စိုးရသောအကြီးတစ်လုံး၊ ညကိုအုပ်စိုးရသော အငယ်တစ်လုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊
1:17 မြေကြီး၌ လင်းစေခြင်းငှာလည်းကောင်း၊ နေ့နှင့် ညကိုအုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာလည်းကောင်း၊ မိုးကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။
1:18 ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊
1:19 ညဥ့်ဦးနှင့် နံနက်သည် စတုတ္ထနေ့ရက်ဖြစ်လေ၏။
1:20 တစ်ဖန်ဘုရားသခင်က၊ အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
1:21 ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက်များပြားစွာ မွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ပျံတတ်သောငှက်မျိုးအပေါင်းတို့ကိုလည်းကောင်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
1:22 ဘုရားသခင်ကလည်း၊ များပြားစွာ မွေးဖွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းချီးပေးတော်မူ၍၊
1:23 ညဥ့်ဦးနှင့် နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။
1:24 တစ်ဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း၊ မွေးဖွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
1:25 ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
1:26 တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
1:27 ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊
1:28 အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
1:29 ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတစ်ပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာဖို့ ငါပေး၏။
1:30 မြေသား၊ မိုးကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။
1:31 ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဥ့်ဦးနှင့် နံနက်သည် ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။