Genesis 2
2:1 ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
2:2 သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
2:3 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
2:4 ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့် မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။
2:5 မြေ၌ လယ်ယာပျိုးပင်မပေါက်မီ၊ လယ်ယာ၌စပါးပင်မကြီးပွားမီ၊ အပင်ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုးကိုရွာစေတော်မမူသေး။ မြေ၌လုပ်သောလူလည်း မရှိသေးသည်ဖြစ်၍၊
2:6 မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတစ်ပြင်လုံးကို စိုစေလေ၏။
2:7 ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
2:8 ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
2:9 ထိုမြေထဲက အဆင်းလှ၍၊ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။
2:10 ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တစ်မြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။
2:11 ပထမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တစ်လျှောက်လုံးကို စီးသွားလေ၏။
2:12 ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။
2:13 ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။
2:14 တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
2:15 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ ထားတော်မူ၏။
2:16 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။
2:17 ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
2:18 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
2:19 ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းငှာ၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
2:20 ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက် အပေါင်းတို့ကိုလည်းကောင်း၊ သားရဲအပေါင်းတို့ကိုလည်းကောင်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။
2:21 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။
2:22 ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။
2:23 လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
2:24 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။
2:25 ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။