Genesis 12
12:1 ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့။
12:2 ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။
12:3 သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
12:4 ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
12:5 အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကိုလည်းကောင်း၊ ခါရန်မြို့၌ရသော လူတို့ကိုလည်းကောင်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ရောက်ခြင်းငှာ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
12:6 အာဗြံသည် ထိုပြည်ကိုလျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။
12:7 ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။
12:8 ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။
12:9 အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ရောက်လေ၏။
12:10 ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှာ သွားလေ၏။
12:11 အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသောမိန်းမဖြစ်သည်ကိုငါသိ၏။
12:12 အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။
12:13 သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်ဟု ဆို၏။
12:14 အာဗြံသည် အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည်မြင်ကြ၏။
12:15 ဖာရောဘုရင်၏မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။
12:16 ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။
12:17 ထာဝရဘုရားသည်၊ အာဗြံ၏မယားစာရဲအတွက်ကြောင့်၊ ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။
12:18 ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍၊ သင်သည်ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည်သင်၏မယားဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။
12:19 ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှာ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။
12:20 ထိုသို့အာဗြံအမှုကိုစီရင်၍၊ မိမိလူတို့အားမှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသောဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။