Genesis 13
13:1 အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
13:2 ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်းအလွန်ရတတ်၏။
13:3 တစ်ဖန်တောင်ပိုင်းမှခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်ကတဲကိုဆောက်၍၊
13:4 ယဇ်ပလ္လင်ကိုတည်ခဲ့ဖူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။
13:5 အာဗြံနှင့်အတူလိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
13:6 ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှာ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည်တစ်ရပ်တည်းမနေနိုင်ကြ။
13:7 အာဗြံ၏နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။
13:8 အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌လည်းကောင်း၊ ခိုက်ရန်မရှိပါစေနှင့်။
13:9 မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော့။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။
13:10 ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူမီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အဲဂုတ္တုပြည်ကဲ့သို့လည်းကောင်းဖြစ်သည်ကို၊ လောတမျှော်ကြည့်၍မြင်လျှင်၊
13:11 ယော်ဒန်ချိုင့်တစ်လျှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ပြောင်းသွားသဖြင့်၊ အချင်းချင်း တစ်ဦးနှင့် တစ်ဦးကွဲပြားကြ၏။
13:12 အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။
13:13 သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
13:14 လောတသည် အာဗြံနှင့်ခွာ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့မျှော်ကြည့်လော့။
13:15 သင်မြင်သော မြေတစ်ပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။
13:16 သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကိုရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
13:17 သင်ထ၍မြေကို အလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း လျှောက်သွားလော့။ သင်အားငါပေးမည်ဟု မိန့်တော်မူ၏။
13:18 တစ်ဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ရောက်မှ နေရာကျ၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။