Genesis 17
17:1 ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။
17:2 ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
17:3 အာဗြံသည်လည်းပျပ်ဝပ်လျင်၊ ဘုရားသခင်က၊
17:4 ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
17:5 နောက်တစ်ဖန်သင်၏အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုးတို့၏ အဘအရာ၌ခန့်ထားပြီ။
17:6 ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
17:7 ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ဘုရားဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
17:8 သင်သည် ယခုဧည့်သည်ဖြစ်၍နေသောပြည်တည်းဟူသော၊ ခါနာန်ပြည်တစ်လျှောက်လုံးကို၊ သင်အားလည်းကောင်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
17:9 တစ်ဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။
17:10 သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာစောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။
17:11 အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။
17:12 သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဖွားသောသူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တစ်ပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။
17:13 ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။
17:14 အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
17:15 တစ်ဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။
17:16 သူ့ကိုငါကောင်းချီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းချီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း၊ အပြည်ပြည်သောရှင်ဘုရင်ဖြစ်ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။
17:17 ထိုအခါအာဗြဟံသည်ပျပ်ဝပ်လျက်၊ အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာအောက်မေ့ပြီးလျှင်၊
17:18 ဣရှမေလသည် ရှေ့တော်၌အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
17:19 ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
17:20 ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။
17:21 သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဖွားလတ္တံ့သောသားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
17:22 မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏။
17:23 အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တစ်နေ့ချင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
17:24 အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။
17:25 သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်တစ်ဆယ်သုံးနှစ်ရှိ၏။
17:26 တစ်နေ့ချင်းတွင် အာဗြဟံနှင့် သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။
17:27 သူ၏အိမ်၌ဖွားသောသူ၊ တစ်ပါးအမျိုးသား၌ သူ၏ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီးမင်္ဂလာကို ခံကြလေ၏။