Genesis 16
16:1 အာဗြံ၏မယားစာရဲ၌ သားဖွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတစ်ယောက်ရှိသည်ဖြစ်၍၊
16:2 စာရဲက၊ အကျွန်ုပ်အားသားဖွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
16:3 ထိုသို့အာဗြံသည် ခါနာန်ပြည်၌ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တုပြည်သူဟာဂရကိုယူ၍၊ မိမိခင်ပွန်းအာဗြံသိမ်းပိုက်စေဖို့ အပ်နှင်းလေ၏။
16:4 အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။
16:5 စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသောဟု၊ အာဗြံအားဆိုလေ၏။
16:6 အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြုပါလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကိုညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှထွက်ပြေးလေ၏။
16:7 ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့လျှင်၊
16:8 စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှပြေးလာပါသည်ဟု ဆိုလေ၏။
16:9 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကိုခံလော့ဟု အမိန့်ရှိ၏။
16:10 တစ်ဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည်ဟူ၍လည်းကောင်း၊
16:11 သင်သည်ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။
16:12 သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်းလူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကိုအပေါင်းတို့၏အပါး၌ နေရလိမ့်မည်ဟူ၍လည်းကောင်း မြွက်ဆိုလေ၏။
16:13 ထိုသို့မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလရော ဟူသောအမည်ဖြင့်ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။
16:14 ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာရှိသတည်း။
16:15 ထိုနောက်၊ ဟာဂရသည်အာဗြံအား သားကိုဖွားမြင်၏။ အာဗြံလည်း ဟာဂရတွင်မြင်သောသားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။
16:16 အာဗြံသည်၊ သားဣရှမေလကို ဟာဂရဖွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။