Genesis 19
19:1 ကောင်းကင်တမန်နှစ်ပါးတို့သည် ညဥ့်ဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှာထ၍ မြေ၌ဦးညွှတ်ချလျက်၊
19:2 အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တစ်ညလုံးလမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊
19:3 ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန်လောတနေရာသို့လှည့်၍၊ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဖို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။
19:4 ထိုသူတို့သည်မအိပ်မီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကိုဝိုင်း၍၊
19:5 လောတကိုဟစ်ခေါ်လျက်၊ ယနေ့ညမှာ သင့်အိမ်သို့ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။
19:6 လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ထွက်၍၊ မိမိနောက်၌ တံခါးကိုပိတ်ပြီးလျှင်၊
19:7 ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက်မပြုကြပါနှင့်။
19:8 အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကိုခိုနေပါ၏ဟု တောင်းပန်သော်လည်း၊
19:9 သူတို့က၊ ဆုတ်လော့ဟုဆိုကြ၏။ တစ်ဖန်ကား၊ သင်သည်တည်းခိုခြင်းငှာသာရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကိုကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှာ ချဉ်းလာကြ၏။
19:10 ထိုအခါကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍၊ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင်၊ တံခါးကိုပိတ်ကြ၏။
19:11 အိမ်တံခါးနားမှာရှိသောသူအကြီးအငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်သဖြင့်၊ သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
19:12 ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့။
19:13 ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။
19:14 လောတထွက်၍၊ သမီးနှင့်စုံဖက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီစားဟန်ရှိသည်ဟု သမက်တို့ထင်ကြ၏။
19:15 မိုးသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊
19:16 သူသည်ဖင့်နွှဲသောအခါ၊ ထာဝရဘုရားသနားတော်မူသောကြောင့်၊ ကောင်းကင်တမန်တို့သည်၊ သူနှင့် သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။
19:17 ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှာ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။
19:18 လောတကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။
19:19 ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစ်စုံ တစ်ခုတွေ့၍သေမည်ကို စိုးရိမ်ပါ၏။
19:20 ကြည့်ပါ။ ထိုမြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်းဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
19:21 ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏စကားကို ငါနားထောင်စေခြင်းငှာ၊ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး။
19:22 ဘေးလွတ်ခြင်းငှာ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မီ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟုသမုတ်ကြ၏။
19:23 လောတသည် ဇောရမြို့သို့ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။
19:24 ထိုအခါ ထာဝရဘုရားသည်ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုးကို ရွာစေတော်မူ၏။
19:25 ထိုမြို့တို့ကိုလည်းကောင်း၊ ချိုင့်အရပ်တစ်လျှောက်လုံးကိုလည်းကောင်း၊ မြို့သားအပေါင်းတို့ကိုလည်းကောင်း၊ မြေ၌ပေါက်သမျှကိုလည်းကောင်း၊ မှောက်လှဲတော်မူ၏။
19:26 လောတ၏မယားမူကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
19:27 နံနက်စောစော အာဗြဟံသည်ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့သွားပြီးလျှင်၊
19:28 သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တစ်လျှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တစ်ပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။
19:29 ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာရှိသောမြို့တို့ကို ဖျက်ဆီးသောအခါ၊ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသောမြို့တို့ကို မှောက်လှဲသောအခါ မှောက်လှဲရာထဲက လောတကို လွှတ်လိုက်တော်မူ၏။
19:30 လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမင်၌နေ၏။
19:31 သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ဝင်ရသော ယောက်ျားတစ်ယောက်မျှ မြေပေါ်မှာမရှိ။
19:32 လာကြ။ ငါတို့အဘကို စပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏အမျိုးအနွယ်ကို စောင့်မ၍၊ သူနှင့်အိပ်ကြစို့ဟု ညီမကိုပြောဆို၏။
19:33 ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည်ဝင်၍ အဘနှင့်အိပ်လေ၏။ သူအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း အဘမသိ။
19:34 နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာ ငါသည် အဘနှင့်အိပ်လေပြီ။ ယနေ့ညတစ်ဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှာ၊ သူနှင့်အိပ်လော့ဟု ညီမကိုပြောဆို၏။
19:35 ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍ အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း အဘမသိ။
19:36 ထိုသို့လောတ၏သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။
19:37 သမီးအကြီးသည်သားကိုဖွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဘဖြစ်သတည်း။
19:38 သမီးအငယ်သည်လည်း သားကိုဖွား၍ ဗေနမ္မိအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏အဘဖြစ်သတည်း။