Genesis 20
20:1 တစ်ဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွားသဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့၌တည်းခို၏။
20:2 ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတစ်ပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။
20:3 ညအချိန်တွင်အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
20:4 အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဖော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သောလူမျိုးကို ကွပ်မျက်တော်မူမည်လော။
20:5 သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည်မဟုတ်ပါလော။ အကျွန်ုပ်အားသူသည်ငါ့မောင်ဖြစ်၏ဟု၊ မိန်းမလည်းဆိုသည် မဟုတ်ပါလော။ ဖြောင့်မတ်သောသဘောရှိ၍၊ သန့်ရှင်းသောလက်နှင့် ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။
20:6 ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကိုမပြစ်မှားစေခြင်းငှာ၊ သင့်ကို ငါဆီးတားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့်ပေါင်းဖော်ရသောအခွင့်ကို ငါမပေး။
20:7 ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍မပေးဘဲနေလျှင်၊ သင်မှစ၍၊ သင်နှင့်ဆိုင်သောသူအပေါင်းတို့သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
20:8 နံနက်စောစောအဘိမလက်သည်ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ၊ အမူအရာအလုံးစုံကိုပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။
20:9 အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ပြုသနည်း။ သင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌လည်းကောင်း၊ ငါ့နိုင်ငံ၌လည်းကောင်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။
20:10 တစ်ဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကိုမြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊
20:11 အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။
20:12 သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။
20:13 ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည်ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည်သင်၏မောင်ဖြစ်ကြောင်းကို ရောက်လေရာရာ၌ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။
20:14 ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍၊ အာဗြဟံအားပေးလေ၏။ မယားစာရာကိုလည်းပြန်ပေး၏။
20:15 အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။
20:16 စာရာကိုလည်း၊ သင်နှင့် သင့်အပေါင်းအဖော်တို့အဖို့၊ မျက်နှာဖုံးများကို ဝယ်စရာဖို့၊ သင်၏မောင်အား ငွေတစ်ထောင်ကိုငါပေးပြီဟု အမိန့်ရှိသဖြင့်၊ သူသည်လည်း အရာရာ၌အဆုံးအမခံရ၏။
20:17 အာဗြဟံသည်လည်း၊ ဘုရားသခင်ကိုဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့် သူ၏မယား၊ သူ၏ကျွန်မတို့ကိုအနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဖွားကြ၏။
20:18 အထက်က အာဗြဟံ၏မယားစာရာကြောင့်၊ ထာဝရဘုရားသည်၊ အဘိမလက်၏အိမ်သူ၊ မိန်းမတစ်ယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှာ၊ စီရင်တော်မူသတည်း။