Genesis 24
24:1 အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကိုကောင်းချီးပေးတော်မူပြီ။
24:2 အာဗြဟံသည်၊ မိမိအိမ်သားတို့တွင်အသက်ကြီး၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
24:3 သင်သည်၊ ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးမယူဘဲ၊
24:4 ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဖို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင်ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေပါမည်ဟုဆို၏။
24:5 ကျွန်ကလည်း၊ မိန်းမသည် ဤပြည်သို့ မလိုက်မလာလိုလျှင်၊ ကိုယ်တော်ထွက်လာသောပြည်သို့ ကိုယ်တော်၏သားကို တစ်ဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
24:6 အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍မသွားနှင့်။ သတိပြုလော့။
24:7 ငါ့အဘ၏အိမ်မှလည်းကောင်း၊ ငါ့အမျိုးသားနေရာပြည်မှလည်းကောင်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကိုငါပေးမည်ဟု၊ ငါ့အားဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌စေလွှတ်တော်မူသဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဖို့ မယားကိုယူရလိမ့်မည်။
24:8 မိန်းမသည် သင်နှင့်အတူမလိုက်လိုလျှင်၊ သင်သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
24:9 ကျွန်သည် သခင်အာဗြဟံ၏ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျိန်ဆိုလေ၏။
24:10 ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုတ်စုထဲက၊ ကုလားအုတ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါတာမိတိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
24:11 မိန်းမများရေခပ်သော ညဥ့်ဦးယံအချိန်၌၊ မြို့ပြင်ရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်၊
24:12 အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ဘုရားသခင် ထာဝရဘုရား၊ ယနေ့အကျွန်ုပ်အကြံကိုထမြောက်စေ၍၊ အကျွန်ုပ်၏သခင်အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
24:13 အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာရပ်နေ၍၊ ထိုမြို့သူသတို့သမီးတို့သည်၊ ရေခပ်ခြင်းငှာလာကြသည်တွင်၊
24:14 အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှာ သင်၏ရေဘူးကိုချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်းရေတိုက်ပါမည်ဟု၊ ပြန်ဆိုသောသတို့သမီးသည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏သခင်၌ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါမည်ဟု လျှောက်ဆို၏။
24:15 ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
24:16 ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့်မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကိုရေနှင့်ဖြည့်ပြီးမှ တက်လာ၏။
24:17 ကျွန်သည်လည်း၊ ထိုမိန်းမနှင့် တွေ့ခြင်းငှာပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟုဆိုလေသော်၊
24:18 မိန်းမက၊ သောက်ပါလော့အရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကိုချ၍၊ ရေကိုပေးလေ၏။
24:19 ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုတ်တို့သည်လည်း၊ ဝစွာ သောက်စရာဖို့ရေခပ်ပါမည်ဟု ဆိုသည်အတိုင်း၊
24:20 အလျင်အမြန်ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌လောင်းပြီးလျှင်၊ တစ်ဖန်ခပ်ခြင်းငှာရေတွင်းသို့ပြေး၍၊ ကုလားအုတ်အဖို့ ရေခပ်လေ၏။
24:21 ယောက်ျားသည် ထိုမိန်းမကိုအံ့ဩ၍၊ မိမိရောက်လာသောအမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကိုသိလို၍၊ တိတ်ဆိတ်စွာနေလေ၏။
24:22 ကုလားအုတ်များကို ရေသောက်စေပြီးသောနောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေလက်ကောက်တစ်ရံကိုထုတ်၍၊
24:23 သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကိုပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခိုစရာအရပ်ရှိသလောဟု မေးလေသော်၊
24:24 မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊
24:25 ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဖွယ်သောက်ဖွယ်များနှင့် တည်းခိုစရာအရပ်လည်းရှိသည်ဟူ၍လည်းကောင်း ဆိုလေ၏။
24:26 ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရဘုရားကိုကိုးကွယ်လျက်၊
24:27 ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ လမ်းမှာသွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
24:28 သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
24:29 ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တစ်ယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။
24:30 သူသည်နှာဆွဲကိုလည်းကောင်း၊ နှမလက်၌ လက်ကောက်ကိုလည်းကောင်းမြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသောစကားကို ကြားသောအခါ၊ ရေတွင်း၌ ကုလားအုတ်အနားမှာရပ်နေသောယောက်ျားထံသို့ ရောက်သောအခါ၊
24:31 ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကိုလည်းကောင်း၊ ကုလားအုတ်များနေရာအရပ်ကိုလည်းကောင်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
24:32 ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုတ်တို့တန်ဆာကိုချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့် စားစရာကိုပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဖို့ရေကိုလည်းပေးလေ၏။
24:33 သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
24:34 ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ကျွန်ဖြစ်ပါ၏။
24:35 ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
24:36 ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင်အသက်အိုသောအခါ၊ သူ့အားသားကိုဖွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကို သခင်သည်အပ်ပေးပြီ။
24:37 ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးဘဲ၊
24:38 ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဖို့ မယားကိုယူရမည်ဟု အကျွန်ုပ်ကိုကျိန်ဆိုစေ၏။
24:39 အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
24:40 သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော်၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန်ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲက ငါ့သားဖို့မယားကိုယူရမည်။
24:41 ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေမည်ဟုပြော၏။
24:42 ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသောအမှုကို ယခုပြုစုတော်မူလျှင်၊
24:43 အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ်ခြင်းငှာလာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက်ဖို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်းသော်၊
24:44 သောက်ပါ။ သင်၏ကုလားအုတ်တို့ဖို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော်ကျွန်၏သားဖို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသောဟုလျှောက်ဆို၏။
24:45 ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရစေဟု သူ့ကိုတောင်းလေသော်၊
24:46 သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကိုချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုတ်တို့ကိုလည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက်ရ၏။ ကုလားအုတ်တို့ကိုလည်း ရေတိုက်လေ၏။
24:47 ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဖွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်းထည့်ပြီးလျှင်၊
24:48 ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏မြေးကို သခင်၏သားဖို့ယူစေခြင်းငှာ၊ မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော ကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးပေး၍ ကိုးကွယ်လေ၏။
24:49 ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့်ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ယာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တစ်လမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
24:50 လာဗန်နှင့် ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
24:51 ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင်သား၏မယားဖြစ်စေဟု ပြန်ဆို၏။
24:52 ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
24:53 ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကိုထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဖိုးထိုက်သော လက်ဆောင်ကိုပေး၏။
24:54 သူနှင့် သူ၏အဖော်အပေါင်းတို့သည်၊ စားသောက်၍ ညကိုလွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
24:55 မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
24:56 ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့သွားရသောအခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
24:57 သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကိုမေးပါဦးမည်ဟုဆိုသည်နှင့်၊
24:58 ရေဗက္ကကိုခေါ်၍ သင်သည် ဤလူနှင့်အတူယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည်ဟုဆို၏။
24:59 သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကိုလည်းကောင်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကိုလည်းကောင်း လွှတ်လိုက်ကြ၏။
24:60 ရေဗက္ကကိုလည်း၊ သင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏။
24:61 ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုတ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူလိုက်ကြ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကိုဆောင်ယူ သွားလေ၏။
24:62 ထိုအခါ တောင်ပြည်အတွင်း၌နေသောဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည်ဖြစ်၍၊
24:63 ညဥ့်ဦးအချိန်၌ ဆင်ခြင်လိုသောငှာ၊ တောအရပ်သို့ထွက်သွား၍၊ မျှော်ကြည့်လျှင်၊ ကုလားအုတ်များလာသည်ကို မြင်လေ၏။
24:64 ရေဗက္ကသည်လည်း၊ မျှော်ကြည့်၍ ဣဇာက်ကိုမြင်သောအခါ၊ ကုလားအုတ်အပေါ်မှဆင်းပြီးလျှင်၊
24:65 ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှာ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆိုသောစကားကိုကြားလျှင်၊ ရေဗက္ကသည်မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။
24:66 ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြောပြီးမှ၊
24:67 ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။