Genesis 23
23:1 စာရာသည် အသက်တစ်ရာနှစ်ဆယ်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက်အသက်ကြီးသော်၊
23:2 ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။
23:3 အာဗြဟံသည် မိမိမယားအသေကောင်ရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊
23:4 ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။
23:5 ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နားထောင်ပါ။
23:6 ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများတွင်ရွေး၍၊ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှာ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိသင်္ချိုင်းကိုမပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ၏။
23:7 အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
23:8 ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်စေခြင်းငှာ သင်တို့အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။
23:9 သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ရှိသော မပ္ပေလမြေတွင်းကို၊ အဖိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကိုတောင်းပန်ကြပါလော့ဟု နှုတ်ဆက်၍ပြောဆို၏။
23:10 ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ဝင်သောသူအပေါင်းတည်းဟူသော ဟေသအမျိုးသားပရိသတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
23:11 အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းကိုလည်းကောင်း၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
23:12 အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကိုနားထောင်ပါ။
23:13 ထိုလယ်ပြင်အဖိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အားပြောဆို၏။
23:14 ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
23:15 ထိုမြေသည် ငွေလေးပိဿာအဖိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
23:16 အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန်အဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။
23:17 ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသောဧဖရုန်၏လယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကိုလည်းကောင်း၊
23:18 ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဖို့ လုံခြုံစွာအပ်ပေးလေ၏။
23:19 ထိုနောက်မှအာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ်ဖြစ်သတည်း။
23:20 ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှာ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။