Genesis 26
26:1 အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဖူးသော အစာခေါင်းပါးခြင်းမှတစ်ပါး၊ နောက်တစ်ဖန် အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။
26:2 ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတ္တံ့သောပြည်၌နေလော့။
26:3 ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းချီးပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။
26:4 သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။
26:5 အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု မိန့်တော်မူ၏။
26:6 ဣဇာက်သည် ဂေရာမြို့၌နေစဉ်တွင်၊ မြို့သားတို့သည် သူ၏မယားအကြောင်းကိုမေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊
26:7 ဤပြည်သားယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကိုသတ်မည်ဟုစိုးရိမ်၍၊ သူသည်ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်ဟု ပြောဆို၏။
26:8 ထိုမြို့၌ကာလအင်တန်ကြာနေပြီးမှ၊ တစ်နေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့်ကစားသည်ကို၊ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြူတင်းပေါက်ဝက ကြည့်မြင်လျှင်၊
26:9 ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
26:10 အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစ်စုံတစ်ယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကားဟု ဆိုပြီးမှ၊
26:11 ဤသူလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
26:12 ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍၊ တစ်နှစ်ချင်းတွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းချီးပေးတော်မူသဖြင့်၊
26:13 သူသည်ကြီးပွား၍၊ အလွန်စည်းစိမ်းကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပြားစွာဖြစ်လေ၏။
26:14 သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။
26:15 အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
26:16 အဘိမလက်မင်းကလည်း၊ သင်သည် ငါတို့ထက်တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကိုအမိန့်ရှိသောကြောင့်၊
26:17 ဣဇာက်သည် ထိုမြို့မှထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
26:18 ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သောရေတွင်းတို့ကို တူးဖော်ပြန်၍၊ အထက်က အဘသမုတ်သောအမည်ဖြင့် သမုတ်လေ၏။
26:19 ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်းရေတွင်းကို တွေ့ကြ၏။
26:20 ဂေရာအမျိုးသားနွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက်ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့်လေ၏။
26:21 နောက်တစ်ဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တစ်ဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့်မှည့်လေ၏။
26:22 ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့နေစရာအခွင့်ကို ယခုထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွားများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟောဘုတ်အမည်ဖြင့် မှည့်သတည်း။
26:23 တစ်ဖန်ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။
26:24 ထိုနေ့ညမှာ ထာဝရဘုရားသည်ထင်ရှား၍၊ ငါသည် သင်၏အဘအာဗြဟံ၏ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းချီးပေးမည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကိုငါများပြားစေမည်ဟု မိန့်တော်မူ၏။
26:25 ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏။ တဲကိုလည်းတည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကိုတူးကြ၏။
26:26 ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကိုခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။
26:27 ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပြင်း၍နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့်လာကြသနည်းဟုမေးလျှင်၊
26:28 ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
26:29 ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ်လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကိုအပြစ်မပြုရဟု၊ ငါတို့တစ်ဖက်၊ သင့်တစ်ဖက်၊ နှစ်ဖက်သားတို့သည်၊ သစ္စာကတိထား၍ မိတ်သဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောသူဖြစ်ပါ၏ဟု ဆိုကြလေသော်၊
26:30 ဣဇာက်သည်၊ သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။
26:31 နံနက်စောစောထ၍၊ အချင်းချင်းတစ်ဦးနှင့် တစ်ဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇာက်သည် သူ့တို့ကိုလွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။
26:32 ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည်လာ၍၊ မိမိတို့တူးသောတွင်း၌ ရေတွေ့ကြောင်းကိုပြောဆိုကြလျှင်၊
26:33 ထိုရေတွင်းကို ရှေဘအမည်ဖြင့်မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကိုဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
26:34 ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။
26:35 ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။