Genesis 27
27:1 ထိုနောက် ဣဇာက်သည်အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟုခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
27:2 အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကိုငါမသိ။
27:3 မသေမီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဖို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊
27:4 ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။
27:5 ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင် တောသို့အရှာသွားစဉ်တွင်၊
27:6 ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊
27:7 သင်၏အဘက၊ ငါမသေမီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းချီးပေးမည်အကြောင်း၊ ငါစားစရာဖို့အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကိုချက်ပါဟု သင်၏အစ်ကိုဧသောအားပြောသည်ကို ငါကြားပြီ။
27:8 သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသောစကားကို နားထောင်ပါလော့။
27:9 ယခုဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
27:10 သင်၏အဘမသေမီ သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှာ သင်သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
27:11 ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကိုဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွတ်သောသူဖြစ်၏။
27:12 ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသောသူဟူ၍ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။
27:13 အမိရေဗက္ကကလည်း၊ ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကိုသာယူခဲ့ပါဟု ဆိုသည်အတိုင်း၊
27:14 သူသည်သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သောအမဲဟင်းလျာကို ချက်လေ၏။
27:15 ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊
27:16 ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌လည်းကောင်း၊ လည်ပင်းချောသောဘက်၌လည်းကောင်း ဆင်ယင်ပြီးလျှင်၊
27:17 မိမိချက်သောအမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌အပ်ပေး၏။
27:18 ယာကုပ်လည်း အဘထံသို့သွား၍၊ အဘဟုခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား၊ သင်သည် အဘယ်သူနည်းဟုမေး၏။
27:19 ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်း ပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းချီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကိုစားပါလော့ဟု ဆိုလေ၏။
27:20 အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်းဟု သားအားမေးလျှင်၊ အဘ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။
27:21 ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သားဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်းသပ်စေခြင်းငှာ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
27:22 ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘသည်စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကားဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
27:23 ထိုသို့သူ၏လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းချီးပေးလေ၏။
27:24 သို့ရာတွင် တစ်ဖန်ကား၊ သင်သည် ငါ့သားဧသောစင်စစ် အမှန်ပင်ဖြစ်သလောဟုမေးပြန်လျင်၊ မှန်ပါသည်ဟု ဆို၏။
27:25 အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ ငါ့သား၏အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကိုလည်းပေး၍ အဘသောက်လေ၏။
27:26 ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့ဟုဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘကိုနမ်းလေ၏။
27:27 အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရားကောင်းချီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။
27:28 ထိုကြောင့် ဘုရားသခင်သည်မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏ဆီဥကိုလည်းကောင်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကိုလည်းကောင်း၊ သင့်အားပေးတော်မူစေသတည်း။
27:29 သူတစ်ပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကိုခံရကြစေသတည်း။ သင့်ကို ကောင်းချီးပေးသောသူအပေါင်းတို့သည် ကောင်းချီးကိုခံရကြစေသတည်းဟု ကောင်းချီးပေးလေ၏။
27:30 ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းချီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသောခဏချင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှရောက်လာ၏။
27:31 သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းချီးပေးမည်အကြောင်း၊ သား၏အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏။
27:32 အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ဟုဆိုလေသော်၊ အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။
27:33 အမဲသားကိုရ၍၊ ငါ့ထံသို့ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းချီးပေးမိပြီ။ သူသည် ကောင်းချီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
27:34 အဘဆိုသောစကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်းကောင်းချီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
27:35 အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
27:36 ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်ဖြင့် လျောက်ပတ်စွာမှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။ သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ။ ယခုလည်းတစ်ဖန် အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို ယူသွားပါပြီဟူ၍လည်းကောင်း၊ အကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ပါးကိုမျှ မခြွင်းပါသလော ဟူ၍လည်းကောင်း ဆိုလေ၏။
27:37 ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ်စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသောအားပြန်ပြောလျှင်၊
27:38 ဧသောက၊ အိုအဘ၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုမျှမရှိပါသလော။ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တစ်ဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
27:39 အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်၏နှင်းနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။
27:40 ဓားဖြင့်အသက်ကိုမွေးရလိမ့်မည်။ ညီ၌ကျွန်ခံရလိမ့်မည်။ နောက်တစ်ဖန် အစိုးရသောအခါ၊ သူတင်သောထမ်းပိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
27:41 အဘသည် ယာကုပ်အားပေးသော ကောင်းချီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကိုအငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသောနေ့ရက်ကာလအချိန်နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကိုငါသတ်မည်ဟု၊ အကြံနှင့်ပြောလေ၏။
27:42 ထိုသို့သားကြီး ဧသောပြောသောစကားကို အမိရေဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌စိတ်ပြေလိမ့်မည်။
27:43 ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန်နေရာ ခါရန်မြို့သို့ထ၍ ပြေးသွားပါလော့။
27:44 သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။
27:45 သင်၏အစ်ကိုစိတ်ပြေ၍၊ သင်သည် သူ၌ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက်လုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့်ငါရှုံးရမည်နည်းဟု ဆိုလေ၏။
27:46 တစ်ဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကိုငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။