Genesis 28
28:1 ထိုအခါ ဣဇာက်သည် ယာကုပ်ကိုခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဖက်မပြုရ။
28:2 အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ဖက်ပြုလော့။
28:3 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းချီးပေး၍တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
28:4 အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အားလည်းကောင်း၊ သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အာဗြဟံ၏ကောင်းချီးမင်္ဂလာကိုပေးတော်မူစေသတည်းဟု ကောင်းချီးပေးလျက် မှာထား၍လွှတ်လိုက်လေ၏။
28:5 ထိုသို့ယာကုပ်နှင့် ဧသော၏အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။
28:6 ထိုသို့ ဣဇာက်သည် ယာကုပ်ကိုကောင်းချီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဖက်ပြုစေခြင်းငှာ လွှတ်လိုက်သောအကြောင်းကိုလည်းကောင်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဖက်မပြုရဟု၊ ကောင်းချီးပေးသောအခါ မှာထားကြောင်းကိုလည်းကောင်း၊
28:7 ယာကုပ်သည်မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့သွားကြောင်းကိုလည်းကောင်း၊
28:8 ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကိုလည်းကောင်း၊ ဧသောသိမြင်လျှင်၊
28:9 ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတစ်ပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တစ်ဖန်အိမ်ထောင်ဖက်ပြုပြန်လေ၏။
28:10 ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊
28:11 တစ်စုံတစ်ခုသောအရပ်သို့ရောက်၍၊ မိုးချုပ်သောကြောင့်၊ ညကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဖို့ထားပြီးလျှင် အိပ်လေ၏။
28:12 မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မီ၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ၏။
28:13 ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့် သင်၏ အမျိုးအနွယ်အားငါပေးမည်။
28:14 သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။
28:15 ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တစ်ဖန် ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်းမပြည့်စုံမီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။
28:16 ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ အကယ်စင်စစ်ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကိုငါမသိ။
28:17 ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက်ဖွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ ဆို၏။
28:18 နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသော ကျောက်ကိုယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။
28:19 ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့်မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။
28:20 ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူလျှင်လည်းကောင်း၊
28:21 ငါသည် တစ်ဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရားဖြစ်တော်မူလျှင်လည်းကောင်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ဗိမာန်ဖြစ်ရမည်။
28:22 ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။