Genesis 30
30:1 ရာခေလသည် ယာကုပ်အား သားမဖွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကိုငြူစူသောစိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ် ငါသေတော့အံ့ဟု ယာကုပ်ကို ဆိုလေ၏။
30:2 ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဖွားသောအခွင့်ကိုပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ပြန်ဆို၏။
30:3 ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာရှိပါ၏။ သူ့ထံသို့ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဖွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်၊
30:4 ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်းငှာအပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။
30:5 ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကိုဖွားမြင်သည်ရှိသော်၊
30:6 ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကိုပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန်အမည်ဖြင့်မှည့်လေ၏။
30:7 တစ်ဖန် ရာခေလ၏ကျွန်မဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသော်၊
30:8 ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့်မှည့်လေ၏။
30:9 လေအာသည်သားပြတ်၍ မဖွားဘဲနေကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မဇိလပကိုယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှာ အပ်လေ၏။
30:10 လေအာ၏ကျွန်မဇိလပသည်လည်း ယာကုပ်အား သားကိုဖွားမြင်သည်ရှိသော်၊
30:11 လေအာက၊ ကောင်းကျိုးလာသည်ဟုဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။
30:12 တစ်ဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသော်၊
30:13 လေအာက၊ ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့်မှည့်လေ၏။
30:14 ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသောအချိန်ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနုဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ၏။ ရာခေလကလည်း၊ သင်၏သားရခဲ့သော အနုဆေးသီးအချို့ကိုပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊
30:15 လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက်မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ်လျှင်၊ သင့်သား၏အနုဆေးသီးအတွက်၊ လင်သည် ယနေ့ညတွင် သင်နှင့်အိပ်ရမည်ဟုဆို၏။
30:16 ညဥ့်ဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသောအခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှာသွား၍၊ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်။ အကျွန်ုပ်၏သားရခဲ့သော အနုဆေးသီးနှင့် သင့်ကိုအကျွန်ုပ်ငှားသည်မှန်ပါ၏ဟု ဆိုသဖြင့်၊ ထိုနေ့ညတွင် သူနှင့်အိပ်ရလေ၏။
30:17 လေအာစကားကို ဘုရားသခင်နားထောင်တော်မူသဖြင့်၊ သူသည်ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဉ္စမသားကိုဖွားမြင်လေသော်၊
30:18 ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့်မှည့်လေ၏။
30:19 တစ်ဖန်လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကိုဖွားမြင်လေသော်၊
30:20 ဘုရားသခင်သည်၊ ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။
30:21 ထိုနောက်မှ သမီးကိုဖွား၍၊ ဒိနအမည်ဖြင့်မှည့်လေ၏။
30:22 ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ သူ၏စကားကိုနားထောင်၍၊ သားဖွားသောအခွင့်ကိုပေးတော်မူသဖြင့်၊
30:23 သူသည်ပဋိသန္ဓေယူ၍ သားကိုဖွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည်ပယ်တော်မူပြီဟူ၍လည်းကောင်း၊
30:24 ထာဝရဘုရားသည် အခြားသောသားကိုထပ်၍ ပေးတော်မူပါစေသောဟူ၍လည်းကောင်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့်မှည့်လေ၏။
30:25 ရာခေလသည် ယောသပ်ကိုဖွားမြင်ပြီးသောနောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့သွားမည်အကြောင်း အကျွန်ုပ်ကိုလွှတ်ပါလော့။
30:26 ကျွန်ုပ်သည်အစေခံ၍ရသော မယားနှင့်သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကိုပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊
30:27 လာဗန်က၊ သင်၏စိတ်နှင့်တွေ့ပါစေ။ ထာဝရဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အားကောင်းချီးပေးတော်မူသည်ကို ငါရိပ်မိပြီ။
30:28 ငါပေးရမည်အခကိုပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊
30:29 ကျွန်ုပ်သည် အဘ၌အဘယ်သို့ အစေခံသည်ကိုလည်းကောင်း၊ အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌ အဘယ်သို့ရှိနေသည်ကိုလည်းကောင်း အဘသိပါ၏။
30:30 အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခုတိုးပွား၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအားကောင်းချီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်းဟု ဆိုလေ၏။
30:31 လာဗန်ကလည်း၊ အဘယ်အခကိုပေးရမည်နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတစ်ခုပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တစ်ဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။
30:32 ယနေ့သိုးစု၊ ဆိတ်စုတစ်လျှောက်လုံးကို ကျွန်ုပ်သွား၍၊ ပြောက်ကျားသောဆိတ်များ၊ ညိုသောသိုးများရှိသမျှတို့ကို ရွေးနုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏အခဖြစ်စေလော့။
30:33 သို့ဖြစ်၍၊ နောင်ကာလ၌ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်။ မပြောက်မကျားသောဆိတ်၊ မညိုသောသိုးရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသောအကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။
30:34 လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟုဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသောဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊
30:35 အဖြူပါသောဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညိုသော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေးလေ၏။
30:36 ကိုယ်နေရာအရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီးကွာစေခြင်းငှာ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသောလာဗန်၏သိုးဆိတ်များကိုထိန်းလျက် နေရလေ၏။
30:37 ထိုအခါယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျာများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွာပြီးလျှင်၊
30:38 ရေသောက်လာသောသိုး၊ ဆိတ်အထီးအမယှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသောတံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။
30:39 သိုးဆိတ်တို့သည် တံဖျာများရှေ့မှာယှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဖွားကြ၏။
30:40 ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသောအကောင်၊ အဆင်းညိုသောအကောင်ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစ်စုစီခွဲထားလေ၏။
30:41 အားကြီးသောအကောင်တို့သည် ယှက်တင်သောအခါ၊ တံဖျာတို့တွင်ယှက်တင်စေခြင်းငှာ၊ ယာကုပ်သည် တံဖျာများကို ရေကျင်း၌၊ သူတို့မျက်မှောက်တွင် ထားတတ်၏။
30:42 အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကိုမပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသောအကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာဖြစ်လေ၏။
30:43 ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်၊ မြည်းအများရှိကြ၏။