Genesis 31
31:1 ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သောစည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊
31:2 လာဗန်၏ မျက်နှာကိုကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို သိမြင်၏။
31:3 ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘေးနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အားမိန့်တော်မူ၏။
31:4 ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ခေါ်ပြီးလျှင်၊
31:5 သင်တို့အဘ၏မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ရှိတော်မူ၏။
31:6 သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
31:7 သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။
31:8 သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက်သောအကောင်တို့ကိုမွေးကြ၏။ ကျားသောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှတို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။
31:9 ထိုသို့ဘုရားသခင်သည်၊ သင်တို့အဘ၏တိရစ္ဆာန်တို့ကိုနုတ်၍ ငါ့အားပေးတော်မူပြီ။
31:10 ထိုတိရစ္ဆာန်များတို့သည်၊ ယှက်တင်ကြသောအခါ၊ ငါမျှော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို အိပ်မက်၌ငါမြင်ရ၏။
31:11 ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟုငါထူး၏။
31:12 သူကလည်း မျှော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကိုငါမြင်၏။
31:13 ငါကား၊ သင်သည်မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခုထ၍ ဤအရပ်မှထွက်သဖြင့်၊ အမျိုးသားချင်းတို့နေသောပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည်ကြားပြောပြီးလျှင်၊
31:14 ရာခေလနှင့် လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း။
31:15 သူသည်ကျွန်ုပ်တို့ကို တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့ မှတ်တတ်သည်မဟုတ်လော။ ကျွန်ုပ်တို့ကိုရောင်းစားခဲ့ပြီတကား။
31:16 ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူသော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့သားသမီးများဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်မှာထားတော်မူသည်အတိုင်း ယခုတွင်ပြုပါလော့ဟုပြန်ပြောကြ၏။
31:17 ထိုအခါယာကုပ်သည်ထ၍၊ မိမိသားမယားတို့ကို ကုလားအုတ်ပေါ်မှာစီးစေ၏။
31:18 မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာတို့ကိုဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။
31:19 လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှာ၊ အခြားတစ်ပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။
31:20 ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သောလာဗန်ကို ပရိယာယ်အားဖြင့်နိုင်လေ၏။
31:21 ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တစ်ဖက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက် ခရီးသွားလေ၏။
31:22 ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သောနေ့၌ လာဗန်ကြားသိလျှင်၊
31:23 ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီးလိုက်သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာမီလေ၏။
31:24 ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညအချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။
31:25 ထိုအခါယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
31:26 လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဖမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား။
31:27 ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍သီချင်းဆိုလျက်၊ ပတ်သာနှင့်စောင်းတီးလျက်၊ သင့်ကိုလွှတ်လိုက်စေခြင်းငှာ၊ အဘယ်ကြောင့် ငါ့ကိုမကြားမပြောဘဲနေသနည်း။
31:28 ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှာ၊ အဘယ်ကြောင့်အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။
31:29 ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
31:30 ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန်အောက်မေ့သောကြောင့်၊ သွားရသည်ဟုတ်စေတော့။ ငါ၏ဘုရားတို့ကို အဘယ်ကြောင့်ခိုးယူခဲ့ရသနည်းဟု ယာကုပ်ကို ဆို၏။
31:31 ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ်သောကြောင့် ထွက်ပြေးရ၏။
31:32 သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ယူပါလော့ဟု၊ လာဗန်အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ။
31:33 လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲသို့ဝင်လေ၏။
31:34 ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုတ်ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ်မှာထိုင်လျက်နေ၏။ လာဗန်သည် တစ်တဲလုံးကို ရှာဖွေ၍မတွေ့လျှင်၊
31:35 ရာခေလက၊ သခင်ရှေ့မှာကျွန်မ မထနိုင်သည်ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ဖြစ်မြဲရှိသည်အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအားဆိုလေ၏။ ထိုသို့လာဗန်သည်ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။
31:36 ထိုအခါ ယာကုပ်သည်စိတ်ဆိုး၍ လာဗန်ကိုဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာလိုက်ရသနည်း။
31:37 ကျွန်ုပ်ဥစ္စာရှိသမျှကိုရှာဖွေသည်ဖြစ်၍၊ သင်၏ဥစ္စာပရိကံ တစ်စုံတစ်ခုကိုတွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာစီရင်ပါစေ။
31:38 ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံးနေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည်ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကိုကျွန်ုပ်မစား။
31:39 သားရဲကိုက်သတ်သော အကောင်ကို သင့်ထံသို့ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာခိုးသည်ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။
31:40 နေ့အချိန်၌လည်း နေပူကိုလည်းကောင်း၊ ညအချိန်၌လည်းနှင်းခဲကိုလည်းကောင်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်းခံရပြီ။
31:41 ထိုသို့၊ ကျွန်ုပ်သည်အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌နေ၍၊ သင်၏သမီးနှစ်ယောက်အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက်ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။
31:42 ယခုလည်း ကျွန်ုပ်အဘ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာဘုရားသည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကိုဆုံးမတော်မူပြီဟု ဆိုလေ၏။
31:43 လာဗန်ကလည်း၊ ဤသမီးတို့သည် ငါ့သမီးဖြစ်ကြ၏။ ဤသူငယ်တို့သည်၊ ငါ့သားဖြစ်ကြ၏။ ဤတိရစ္ဆာန်တို့လည်း၊ ငါ့တိရစ္ဆာန်ဖြစ်ကြ၏။ မြင်သမျှသော ဥစ္စာသည်ငါ့ဥစ္စာဖြစ်၏။ ငါ့သမီးတို့၌လည်းကောင်း၊ သူတို့ဖွားမြင်သော ငါ့သူငယ်တို့၌လည်းကောင်း၊ အဘယ်သို့ငါပြုနိုင်သနည်း။
31:44 သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌သက်သေဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အားပြန်ပြော၏။
31:45 ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင်ဖို့စိုက်ထူပြီးလျှင်၊
31:46 ကျောက်များကိုစုထားကြပါဟု ညီအစ်ကိုတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ၍၊ ကျောက်ပုံကိုတည်လုပ်ပြီးမှ၊ ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏။
31:47 ထိုကျောက်ပုံကို လာဗန်သည် ယေဂါသဟာဒုသဟူ၍လည်းကောင်း၊ ယာကုပ်သည် ဂိလဒ်ဟူ၍လည်းကောင်း သမုတ်လေ၏။
31:48 လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍သမုတ်ကြ၏။
31:49 မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူကား၊ လာဗန်က၊ ငါတို့သည် တစ်ယောက်နှင့်တစ်ယောက် ခွာသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။
31:50 သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှတစ်ပါး အခြားသောမိန်းမနှင့် စုံဖက်သည်ဖြစ်စေ၊ ငါတို့၌လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍လည်းကောင်း၊
31:51 တစ်ဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည်တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုကြည့်ပါလော့။
31:52 ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှာ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကိုမကျော်ရ။ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်းငှာ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသတည်း။
31:53 အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ဘုရားသခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍လည်းကောင်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလေ၏။
31:54 ထိုအခါယာကုပ်သည် တောင်ပေါ်မှာယဇ်ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှာ ခေါ်ဖိတ်သဖြင့်၊ သူတို့သည်စားသောက်၍၊ တောင်ပေါ်မှာညကိုလွန်စေကြ၏။
31:55 နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများကိုနမ်းလျက် ကောင်းချီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။