Genesis 35
35:1 ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလအရပ်သို့သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှပြေးသောအခါ၊ သင့်အားထင်ရှားသော ဘုရားသခင်အဖို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့ဟု၊ ယာကုပ်အားမိန့်တော်မူ၏။
35:2 ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့တွင်ပါသော၊ တစ်ပါးအမျိုးသားတို့၏ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။
35:3 ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည်ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ကြွတော်မူသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုငါတည်မည်ဟု ဆိုလေ၏။
35:4 သူတို့သည်လည်း၊ မိမိတို့၌ပါသောတစ်ပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သောနားပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။
35:5 သူတို့ပြောင်းသွားကြသောအခါ၊ ပတ်ဝန်းကျင်မြို့သားတို့သည်၊ ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။
35:6 ယာကုပ်သည် မိမိ၌ပါသောသူအပေါင်းနှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ရောက်ကြသော်၊
35:7 ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တစ်ဖန်သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။
35:8 ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကိုခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။
35:9 ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တစ်ဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေးတော်မူပြီးလျှင်၊
35:10 သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
35:11 တစ်ဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတစ်မျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
35:12 အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။
35:13 ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင်တက်ကြွတော်မူ၏။
35:14 ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ဆီကိုလည်းကောင်းလောင်းလေ၏။
35:15 ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တစ်ဖန်သမုတ်ပြန်လေ၏။
35:16 ထိုနောက်တစ်ဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဖွားအံ့သောအချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။
35:17 ထိုသို့ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။
35:18 ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နာမ်ဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့်မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။
35:19 ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။
35:20 ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကိုစိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်သတည်း။
35:21 ဣသရေလသည် တစ်ဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။
35:22 ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့်အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။
35:23 ယာကုပ်သားတစ်ကျိပ်နှစ်ပါးရှိ၏။ လေအာတွင်မြင်သောသားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသောရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။
35:24 ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန်တည်း။
35:25 ရာခေလ၏ကျွန်မ ဗိလဟာသားကား၊ ဒန်နှင့် နဿလိတည်း။
35:26 လေအာ၏ကျွန်မ ဇိလပသားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ဖွားမြင်သော ယာကုပ်၏သားများတည်း။
35:27 ထိုနောက်ယာကုပ်သည် အာဗြဟံနှင့် ဣဇာက်တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသောကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက်လေ၏။
35:28 ဣဇာက်အသက်သည် အနှစ်တစ်ရာရှစ်ဆယ်ပြည့်စုံသည်ရှိသော်၊
35:29 အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဧသောနှင့်ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။