Genesis 34
34:1 ယာကုပ်၏မယား၊ လေအာဖွားမြင်သောသမီးဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှုသွားရာတွင်၊
34:2 ထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဖော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။
34:3 နောက်မှ သူ့ကိုချစ်သောစိတ်မကုန်၊ အမြဲချစ်၍၊ မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏။
34:4 ခမည်းတော်ဟာမော်ထံသို့လည်းဝင်၍၊ ဤမိန်းမကို အကျွန်ုပ်ကြင်ဖက်ဖြစ်စေခြင်းငှာ၊ တောင်း၍ပေးတော်မူပါဟု လျှောက်ဆို၏။
34:5 ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသားရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ကိုငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
34:6 ထိုနောက်၊ ရှေခင်အဘဟာမော်မင်းသည် ယာကုပ်နှင့် နှုတ်ဆက်ခြင်းငှာလာ၍၊
34:7 ယာကုပ်၏သားတို့လည်း သတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
34:8 ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစားကြပါလော့။
34:9 သင်တို့သည် ငါတို့နှင့်အချင်းချင်းထိမ်းမြားခြင်းကိုပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီးနှင့်လည်း စုံဖက်ကြလော့။
34:10 သင်တို့သည်ငါတို့နှင့်အတူနေ၍၊ ဤပြည်၌အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍၊ အပိုင်ယူကြလော့ဟုဆိုလေ၏။
34:11 ရှေခင်ကလည်း၊ သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကိုပေးပါမည်။
34:12 ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည်အတိုင်းပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။
34:13 ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့်အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊
34:14 ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဖွယ်သောအကြောင်းဖြစ်ပါ၏။
34:15 သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။
34:16 သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အားပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဖက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တစ်မျိုးတည်းဖြစ်ကြလိမ့်မည်။
34:17 သို့မဟုတ် ကျွန်ုပ်တို့စကားကိုနားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
34:18 ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည်နှစ်သက်၍၊
34:19 ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီးသောကြောင့်လည်းကောင်း၊ အဘ၏ အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိသောကြောင့်လည်းကောင်း၊ ချက်ချင်းဝန်ခံလေ၏။
34:20 ထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍၊ မြို့သားတို့နှင့်နှုတ်ဆက်လျက်၊
34:21 အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဖက်ပြုကြစို့။ ငါတို့သမီးများကိုလည်း သူတို့အားထိမ်းမြားပေးစားကြစို့။
34:22 သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံမှသာ၊ ထိုလူတို့သည်ငါတို့တွင်နေ၍ တစ်မျိုးတည်းဖြစ်စေခြင်းငှာ ဝန်ခံကြလိမ့်မည်။
34:23 သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့အလိုသို့ လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင်နေကြလိမ့်မည်ဟု၊
34:24 ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည်နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီးမင်္ဂလာကိုခံကြ၏။
34:25 ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တစ်ယောက်တစ်စင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
34:26 ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ဓားလက်နက်ဖြင့်သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှနုတ်ယူ၍ ပြန်သွားကြ၏။
34:27 မိမိတို့နှမရှုတ်ချခြင်းကိုခံရသောကြောင့်၊ တစ်ဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
34:28 သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကိုလည်းကောင်း၊
34:29 သူတို့သားမယား၊ သူငယ်အပေါင်းကိုလည်းကောင်းသိမ်းယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
34:30 ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင်ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက်အားနည်းသောကြောင့်၊ သူတို့သည်စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အားဆိုလေသော်၊
34:31 သူတို့က၊ ငါတို့နှမကိုပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။