Genesis 4
4:1 ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။
4:2 တစ်ဖန် သူ့ညီအာဗေလကို ဖွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကား လယ်လုပ်သောသူဖြစ်၏။
4:3 အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံပူဇော်သကာဖို့၊ မြေအသီးကိုဆောင်ခဲ့၏။
4:4 အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဖွားသောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သကာကိုပမာဏ ပြုတော်မူ၏။
4:5 ကာဣနနှင့် သူ၏ပူဇော်သကာကို ပမာဏပြုတော်မမူ။ ထိုကြောင့် ကာဣနသည်အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။
4:6 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။
4:7 သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
4:8 ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။
4:9 ထာဝရဘုရားကလည်း သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကိုမေးတော်မူလျှင်၊ အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလောဟု လျှောက်ဆို၏။
4:10 ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက်ရှိသည်တကား။
4:11 သို့ဖြစ်၍ သင့်ညီ၏အသွေးကိုခံယူခြင်းငှာ၊ မိမိပါးစပ်ကိုဖွင့်သော မြေကြီး၏ကျိန်ခြင်းကို သင်သည်ခံရသောကြောင့်၊
4:12 ယခုမှစ၍မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရ ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
4:13 ကာဣနကလည်း၊ အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင်ကြီးပါသလော။
4:14 အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ်ပါရမည်။ တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်ဟု၊ ထာဝရဘုရားကို လျှောက်ဆို၏။
4:15 ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ ကာဣနကိုသတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစ်စုံတစ်ယောက်မျှ မသတ်စေခြင်းငှာ၊ ထာဝရဘုရားသည် သူ၌အမှတ်ပေးတော်မူ၏။
4:16 ကာဣနသည် ထာဝရဘုရားထံတော်မှထွက်သွား၍၊ ဧဒင်ပြည်အရှေ့၊ နောဒပြည်တွင် နေလေ၏။
4:17 ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကိုဖွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍ မိမိသား၏အမည်အလိုက်၊ ထိုမြို့ကိုဧနောက်မြို့ဟု သမုတ်လေ၏။
4:18 ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။
4:19 လာမက်သည်၊ အာဒနှင့် ဇိလအမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဖက်ပြု၍၊
4:20 အာဒသည် သားယာဗလကိုဖွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူတို့၏ အဘဆရာဖြစ်လေသတည်း။
4:21 ယုဗလအမည်ရှိသောညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူအပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။
4:22 ဇိလသည်လည်း၊ သားတုဗလကာဣနကို ဖွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမားအပေါင်းတို့၏ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။
4:23 လာမက်ကလည်း၊ အာဒနှင့် ဇိလ၊ ငါပြောသံကိုမှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတစ်ယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတစ်ယောက်ကို ငါသတ်ခဲ့ပြီ။
4:24 ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနစ်ဆယ် ခုနစ်ဆသောတရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
4:25 အာဒံသည်လည်း မိမိမယားနှင့် တစ်ဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကိုဖွားမြင်၍၊ ရှေသဟူသောအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား၊ တစ်ပါးသောအနွယ်ကို အကျွန်ုပ်အဖို့ ဘုရားသခင်ခန့်ထားတော်မူပြီဟု ဆိုသတည်း။
4:26 ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသောအမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ကိုးကွယ်စပြုကြလေ၏၊