Genesis 3
3:1 မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။
3:2 မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။
3:3 ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ်သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
3:4 မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
3:5 အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။
3:6 ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏။
3:7 ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
3:8 နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားတို့သည်ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှာ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။
3:9 ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
3:10 လူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
3:11 ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကိုစားပြီလောဟု မေးတော်မူ၏။
3:12 လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
3:13 ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကိုလှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
3:14 ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တစ်သက်လုံးစားရမည်။
3:15 သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
3:16 မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်ဟု မိန့်တော်မူ၏။
3:17 ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာ စားရမည်။
3:18 ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။
3:19 သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
3:20 ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင်သော သူအပေါင်းတို့၏အမိ ဖြစ်သတည်း။
3:21 ထာဝရအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့သားရေဖြင့် ၀တ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။
3:22 ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းသိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊
3:23 လူသည် မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
3:24 ထိုသို့လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။